စကားပြောသော ပန်းပွင့်များ

0
476
ကြော်ငြာဝန်ဆောင်မှု

ဆောင်းတွင်းကာလမို့ နံနက်ခင်း ဟာ နှင်းရည်လေးစိုစိုနဲ့ အနည်းငယ် အေးစိမ့်လို့။ ကိုယ့်ခြံဝိုင်းနဲ့ကိုယ် နေကြတဲ့ တောရွာအိမ်မို့ ငှက်အော်သံနည်းနည်း ကလွဲပြီး တခြားဆူညံသံမရှိတာကလည်း နံနက်ခင်းရဲ့ ပြည့်စုံခြင်းကို ဖြစ်စေပါ တယ်။ အိမ်ရဲ့ သံဇကာကွက်ကို ကျော်ပြီး၊ ခြံစည်းရိုးနားမှာ စိုက်ထားတဲ့ ပန်းပင် လေးတွေကို ငေးရင်း ကျွန်မရဲ့ တစ်နေ့တာ ကို အစပြုပြန်ပြီပေါ့။

ပန်းပင်တွေကို ခြံစည်းရိုးလုပ်ထား လို့ ခြံစည်းရိုးမှာ အရောင်အသွေးစုံ သူ့ထက်ငါ ပွင့်နေကြရဲ့။ ပင်လုံးကျွတ် ဆွတ်ဆွတ်ဖြူအောင် ပွင့်နေတဲ့ စကြာပန်း တွေရဲ့ အနီးမှာ တရုတ်စံကားပန်းတွေက တိုးဝှေ့ပြီး ပွင့်လို့။ အဲဒီအပင်တွေမှာ နွယ်တက်ပြီး ပွင့်နေတာက အောင်မဲညို။

နေရာလွတ်မရှိအောင် ရွက်လှပင်တွေက သူ့ထက်ငါ ထိုးထိုးထောင်ထောင်နဲ့။ ကြက်သွေးနဲ့ အစိမ်းရောင်သန်းတဲ့ ရွက်လှ တွေကြား အဖြူနဲ့ ညိုပြာပြာ အရောင်လေး က ထင်းကနဲ။
ဒါဟာ ကျွန်မနေ့စဉ်ဖြတ်သန်းရမယ့် ကျွန်မရဲ့ဘ၀။

ကျွန်မရဲ့အိမ်။

ဒီအိမ်မှာ ကျွန်မချစ်ရသူတွေနဲ့အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးပြီ။ နောက်ထပ်နေရမယ့် အချိန်ကာလတစ်ခု ကို ခန့်မှန်းတွက်ဆရင်း ဒီအိမ်ကနေ ကျွန်မထက် အရင်ထွက်သွားကြတဲ့ သူတွေအကြောင်း စဉ်းစားနေမိတယ်။

ကျွန်မထက် အသက်အများကြီး ကြီးကြတဲ့ အဖိုးနဲ့အဖွားကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက နှုတ်ဆက် ထွက်သွားခဲ့ကြပြီ။ သူတို့ထွက်သွားတဲ့ အချိန်မှာ သူတို့နဲ့အတူတူ နေခဲ့ရတဲ့ အနှစ် နှစ်ဆယ်လောက်ရှိတဲ့ အမှတ်တရတွေ ကျန်ရစ်ခဲ့တယ်။ အဲဒီအမှတ်တရတွေက သူတို့နဲ့ ကျွန်မရဲ့ သံယောဇဉ်အတိမ် အနက်ကို ဖော်ပြပေးနေသလိုပါပဲ။

အခုလည်း အေးစက်စက် ဆောင်းနှင်း အောက်မှာ ပွင့်နေတဲ့ တရုတ်စံကားပန်း လေးတွေကို ကြည့်ပြီး ငယ်ငယ်တုန်းက အဖွားနဲ့အတူ တရုတ်စံကားပန်းတွေခူးပြီး ဘုရားပန်းကပ်ခဲ့တာကို သတိရမိတယ်။ ဒီအပင်က အဖွားစိုက်ခဲ့တဲ့ အပင်တော့ မဟုတ်။ အဖွားလက်ထက်က ရှိခဲ့တဲ့အပင် ရဲ့ ကိုင်းကို ဖြတ်ပြီး ထပ်စိုက်ထားတာ။ အရင်အပင်က သေသွားခဲ့ပြီ။

အဖွားက ပန်းတွေကို သိပ်ကြိုက် တတ်သူ။ ခြံဝိုင်းပတ်ပတ်လည်မှာ ပန်းပင် အမျိုးမျိုးကို စိုက်ပျိုးထားတတ်တယ်။ ပန်းတွေက ရာသီအလိုက် သူ့အချိန် သူ့အခါ ပွင့်ကြတော့ အဖွားကလည်း တချို့ပန်းတွေကို ဘုရားကပ်၊ တချို့ပန်း တွေကို ခေါင်းမှာပန်ပေါ့။

ဒီလိုဆောင်းတွင်း နံနက်စောစောဆို မီးပုံဘေးမှာ မီးလှုံရင်း အိမ်နားက ဆိတ်ဖလူးပန်းတွေ ကောက်ရတယ်။ ပန်းကောက်ဖို့ အပင်ကို လှုပ်ခါပြီး ပန်းတွေ ကြွေကျအောင် လုပ်ရတယ်။ အဖွားက အပင်ကို လှုပ်ခါ၊ ကျွန်မက ပန်းတွေ ကောက်ပေါ့။ မနက်စောစော ကောက်ထား တဲ့ ပန်းတွေကို ငှက်ပျောဖက်နဲ့ထုပ်ပြီး၊ ညနေဘုရားဝတ်ပြုခါနီးအချိန်မှ အုန်း လက်ရိုးတံမှာ သီပြီး အိမ်ရှေ့ဘုရားစင်မှာ ကပ်ရတယ်။

အဲဒီ ဆိတ်ဖလူးပန်းပင်ဘေးက အတော်ကြီးတဲ့ တရုတ်စံကားပင်တစ်ပင် ရှိတယ်။ အပင်က အတော်မြင့်တာမို့ အပွင့်တွေကို တံချူနဲ့ ခူးရင်ခူး၊ မဟုတ် ရင် တစ်ယောက်ယောက်က အပင်ပေါ် တက်ခူးမှ ရတယ်။ ကျွန်မက သစ်ပင် တက်တတ်တဲ့သူမျိုး မဟုတ်ပေမဲ့ ကိုင်းခက်တွေ အများကြီးရှိတဲ့ အဲဒီ တရုတ်စံကားပင်ကိုတော့ တက်လို့ရတယ်။ တရုတ်စံကားပွင့်တွေကလည်း ဘုရားမှာ ကပ်ဖို့ပါပဲ။

ပြီးတော့ ရွှေရောင် အပွင့်သေးသေး လေးတွေ ပွင့်တတ်တဲ့ သစ်ခွပန်းပင် တစ်မျိုးကို တရုတ်စံကားပင်ခွကြားမှာ စိုက်ထားသေးတယ်။ ကျွန်မတို့ကတော့ ရွှေပန်းခိုင်လို့ ခေါ်ကြတယ်။ အဲဒီရွှေပန်း ခိုင်ပွင့်တဲ့ အချိန်ကျရင် အဖွားက တစ်ခိုင် လုံးကို သူ့ခေါင်းမှာ ဝေနေအောင် ပန်ထား တတ်တယ်။ သနပ်ခါးအဖွေးသားလိမ်းပြီး ခေါင်းပေါ်မှာ ရွှေပန်းခိုင်လေးပန်လို့။ ပန်းခိုင်က စကားပြောလိုက်တိုင်း တလှုပ် လှုပ်နဲ့။ ရွှေပန်းခိုင်တွေမြင်တိုင်း အဲဒီမြင်ကွင်း ဟာ ရုပ်ရှင်ပြကွက်တွေလို ပြန်ပေါ်လာ တတ်တယ်။

လွန်ခဲ့တဲ့နှစ်ကပေါ့။ ကျွန်မ သောက တွေဖိစီးပြီး အိပ်ပျော်သွားတဲ့ညတစ်ညမှာ အဖွားကို အိပ်မက်မက်တယ်။ အိပ်မက် ထဲမှာ သစ်ပင်အကြီးကြီးတစ်ပင်အောက် မှာ ကျွန်မနဲ့အဖွား ထိုင်နေတုန်း အပင် ပေါ်ကနေ ဗေဒါရောင်လိုလို၊ ပန်းခရမ်း ရောင်လိုလို ပန်းပွင့်ချပ်လွှာတွေက ကျွန်မ တို့နှစ်ယောက်အပေါ်ကို တဖွဲဖွဲ ကျလာ နေတယ်။ ချယ်ရီပွင့်လိုမျိုး ပွင့်ချပ်တွေ၊ ဒါပေမဲ့ အဲဒါ ချယ်ရီမဟုတ်ဘဲ ပျဉ်းမပွင့် တွေဆိုတာ ကျွန်မစိတ်ထဲမှာ အလိုလို သိနေခဲ့တယ်။ အိပ်ရာကနိုးလာတော့ ခြံအနောက်ဘက်က ပျဉ်းမပင် တစ်ပင် လုံး ဖွေးဖွေးလှုပ် ပွင့်တဲ့ မြင်ကွင်းကို သတိရသွားတယ်။ အခုတော့ အဖွား ထွက်သွားခဲ့သလို အဲဒီအပင်လည်း သေသွားခဲ့ပြီ။

သက်မဲ့အရာဝတ္ထုပစ္စည်းလေးတစ် ခု၊ ပန်းလေးတစ်ပွင့်ဟာ တစ်ခါတလေ ပန်းလေးတစ်ပွင့်အနေနဲ့ တည်ရှိမနေ တော့။ ချစ်ခြင်းမေတ္တာနဲ့ လွမ်းဆွတ်မှုတွေ ရဲ့ သင်္ကေတအဖြစ် ပြောင်းလဲသွားတတ် ကြတယ်။ အိမ်ရဲ့ သံဇကာကွက်ကြားက လှမ်းမြင်နေရတဲ့ တရုတ်စံကားပွင့်တွေကို ငေးကြည့်ရင်း အဖွားပြောပြတဲ့ တရုတ် စံကားပန်းပုံပြင်တွေကို လွမ်းမိတယ်။

ဂမုန်းပင်တချို့က ပန်းပွင့်နေတာမျိုး လည်း ရှိတတ်တယ်။ အဲဒီဂမုန်းပန်းတွေက ရာသီဥတု အခြေအနေပြောပြနိုင်တယ် ဆိုပြီး၊ အဖွားက တန်ဖိုးထားလေ့ရှိတယ်။

ပန်းကောက်တဲ့အချိန်မှာ ဖြစ်ဖြစ်၊ ပန်းသီတဲ့အချိန်မှာဖြစ်ဖြစ် အဖွားက ပန်းအမျိုးမျိုးအကြောင်း ရေးဖွဲ့ထားတဲ့ တေးချင်းတစ်ပိုဒ်ကို အမြဲလိုလို ရွတ်ပြ လေ့ရှိတယ်။ တေးချင်းလို့သာ ဆိုတယ်။ အသံအနိမ့်အမြင့်တွေက ဂါထာတစ်ပိုဒ် ရွတ်နေသလိုမျိုး။ အဲဒီတေးချင်းကို သူ့ အဖွားက သင်ပေးထားတာတဲ့။

ဆောင်းမှာပွင့်တဲ့ ပန်းလေးတွေနဲ့ အတူ အဲဒီပန်းတွေနဲ့ သက်ဆိုင်တဲ့ ပုံပြင် တွေကိုလည်း အမြဲပြောပြတတ်တယ်။ ဆိတ်ဖလူးပန်းတွေဟာ တာ၀တိံသာနတ် ပြည်က ရလာခဲ့တာတဲ့။ အရင်တုန်း ကတော့ နတ်သမီးတွေမှ ပန်ဆင်ကြတာ စသဖြင့်ပေါ့လေ။

မိုးရာသီဆိုရင် ပန်းပွင့်တွေက ပြောင်းလဲသွားကြသလို ပုံပြင်တွေလည်း ပြောင်းလဲသွားပြန်တယ်။ မိုးရာသီမှာ ပွင့်တဲ့ ဇီဇဝါပန်းတွေက ရနံ့လည်းမွှေး သလို အပွင့်တွေကလည်း ချစ်စရာကောင်း တာမို့ အဖွားက ဇီဇဝါပန်းကို ဘုရားပန်း ကပ်ဖို့ ခူးနေရင်း ခေါင်းမှာတစ်ပွင့်တော့ ဇတ်ကနဲ ပန်လိုက်သည်ချည်း။ အဖွားရဲ့ လက်သုံးစကားက “မိန်းကလေးဆိုတာ ပန်းပန်ထားရင် ကျက်သရေ ရှိတယ်”တဲ့။

မိုးရာသီမှာ ညနေလေးနာရီနောက် ပိုင်းမှ ပွင့်တဲ့ပန်းကို ကျွန်မတို့က လေးနာရီ ပန်းလို့ပဲ လွယ်လွယ်ခေါ်လိုက်ကြတယ်။ သူက နှစ်ရှည်ခံပင်မဟုတ်တော့ မိုးရာသီ ကုန်ရင် အပင်လည်း သေသွားတယ်။ အဲဒီပန်းမျိုးစေ့တွေ အိမ်သယ်လာတာက အဖွားမဟုတ်ဘူး။ ကျွန်မ။ မိုးဦးကျ ပြီဆိုရင် အစေ့တွေကို ကျဲချလိုက်ရင် အပင်ပေါက်ပြီး အပွင့်ပွင့်တော့တာပါပဲ။ အများအားဖြင့် ခရမ်းရောင်တွေ များပေမဲ့ အဖြူနဲ့အဝါမျိုးလည်း ရှိတတ်တယ်။ ညနေလေးနာရီဆို အပြိုင်အဆိုင်ပွင့်လာ ကြပြီ။ အဖွားက အဲဒီပန်းကို သဘောကျ သလို မျိုးစေ့သယ်လာတဲ့ ကျွန်မကိုလည်း ချီးကျူးမဆုံး။ အဲဒီပန်းတွေကတော့ ခေါင်းမှာမပန်ပါဘူး။ ညနေခူးပြီး ဘုရား ဝတ်တက်ချိန် ကပ်ဖို့အတွက်ပဲ ထားပါတယ်။

အဖွားက ခြံမှာမရှိတဲ့ ပန်းတွေ သူ့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းအိမ်တွေမှာ တွေ့ရင် မျိုးပင်၊ မျိုးစေ့တွေ တောင်းလာပြီး ခြံမှာစိုက်တော့တာပဲ။ တောရွာမှာ ဘယ်သူမှလည်း ပန်းမျိုးစေ့တွေ၊ မျိုးပင် တွေ၊ ပန်းတွေကို ရောင်းချတာမျိုးမရှိ ပါဘူး။ တောင်းရင် ပေးလိုက်ကြတာပါပဲ။

အဲဒီလိုပန်းအရောင်းအဝယ်ဓလေ့မရှိတဲ့ ကျွန်မတို့ရွာထဲကို တစ်နေ့မှာ မြို့ပေါ်ကလာတဲ့ အမျိုးသားသုံးယောက် က သစ်ခွမျိုးပင်တွေကို ပန်းအိုးအသေး လေးထဲထည့်ပြီး တောင်းတွေနဲ့ ရွာလှည့် ရောင်းကြတယ်။ အရွက်တွေကလည်း တကယ့်သစ်ခွ အရွက်တွေနဲ့ တစ်ထေရာ တည်း။ အပင်သေးသေးတွေကြားမှာ သစ်ခွပန်း ရောင်စုံတစ်ပင်စီ ထည့်ထားတယ်။ အဲဒီမျိုးပင်တွေပွင့်လာရင် အဲဒီ လိုပန်းပွင့်မျိုး ပွင့်လာမယ်ဆိုပဲ။

ပန်းရောင်းသမားတွေ ကျွန်မတို့အိမ် ရှေ့ရောက်တော့ ဘယ်ပြောကောင်းမလဲ။ အဖွားကဝယ်ဖို့ အဆင်သင့်ပေါ့။ အဖွား က ခပ်များများဝယ်ချင်ပေမဲ့ အမေက တားလိုက်တော့ နှစ်အိုးပဲဝယ်လိုက်တယ်။ အမေကပြောတယ်။ “ပွင့်မှန်းမသိ မပွင့် မှန်းမသိ ဒီလောက်ဆိုတော်ပြီ”တဲ့။ အမေ့ စကား မှန်သွားတယ်။ တစ်နှစ် နှစ်နှစ် ကြာတဲ့အထိ အဲဒီအပင်တွေက ဘာသစ်ခွ ပန်းမှ ပွင့်မလာတော့ ကျွန်မတို့က အပင် ကို လွှင့်ပစ်ဖို့ လုပ်တယ်။ ပန်းကြိုက်တဲ့ အဖွားက တစ်ခွန်းတည်း ပြောတယ်။

“အဲဒီအပင်တွေကို ဘယ်တော့မှ လွှင့်မပစ်နဲ့။ နောက်ဆို ဒီလိုမျိုး အလိမ် မခံရအောင် သတိထားနိုင်တာပေါ့”တဲ့။

အဲဒီအပင်ကို အခုအချိန်အထိ ပန်းအိုးတစ်ခုထဲ ထည့်စိုက်ထားတုန်း။ တစ်ခြားပန်းပင်တွေကို ရေလောင်းရင် သူ့ကိုလည်း လောင်းပေးတယ်။ အနှစ်နှစ် ဆယ်နီးပါး ကြာခဲ့ပြီပေါ့။

တချို့အမှတ်တရတွေက နည်းနည်း ခါးပေမဲ့ ကိုယ့်အတွက် သင်ခန်းစာယူ စရာရှိရင် သိမ်းထားသင့်တယ်လို့ အဖွား က သင်ခန်းစာပေးလိုက်တာပါပဲ။

တစ်ခါတလေမှာ ပစ္စုပ္ပန်အခြေ အနေကို ခဏမေ့ထားပြီး၊ အတိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပစ်ချလိုက်ရတာဟာ ခဏတာ ကြည်နူးချမ်းမြေ့မှုကို ပြန်လည် ဆုပ်ကိုင်မိလာစေတယ်။ ပစ္စုပ္ပန်ကို ပြန် သတိထားမိတဲ့အချိန်မှာတော့ အတိတ် ဟာ ပြီးဆုံးသွားတဲ့ ရုပ်ရှင်တစ်ကားလို။

ပိတ်ဖြူကလွဲပြီး ဘာမှ အကောင်အထည်ပြ လို့ မရတော့။ ဒါပေမဲ့ ပန်းလေးတွေရဲ့ အလှတရားနဲ့ ကျွန်မအပေါ်ထားတဲ့ အဖွားရဲ့ ချစ်ခြင်းမေတ္တာကတော့ ကျွန်မ ဘ၀ရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ထာ၀ရနေရာ ယူထားလျက်ပါပဲ။ ။

နီမာဦး(အံဒင်)