ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကန်ထရိုက်တာလုပ်ချင်က ဘတ်ငွေ တစ်သိန်းပေးရမည်ဆိုကာ အလုပ်ခေါ်

0
1371

ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြေပြင်ရှင်းလင်းရေးအတွက် ကန်ထရိုက် လုပ်လိုပါက ထိုင်းဘတ်ငွေတစ်သိန်း ပေးရမည်ဆိုကာ ထိုင်းလူမျိုးများက ထားဝယ်မြို့တွင် အလုပ်လာခေါ်နေ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြေပြင်ရှင်းလင်းရေးလုပ်ငန်းကို မိမိပိုင်ယန္တရားဖြင့် လုပ်မည်ဆိုက ဈေးနှုန်း တစ်မျိုး၊ ၎င်းတို့ပိုင်ယန္တရားဖြင့်လုပ်ပြီး စီမံကွပ်ကဲပေးမည်ဆိုက ဈေးနှုန်းတစ် မျိုးပေးမည်၊ ဒေသပေါက်ဈေး ထက်ပိုပေး မည်ဟုဆိုကာ မက်လုံးပေး ဆွဲဆောင်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

အဆိုပါ အလုပ်ကို ကန်ထရိုက် အနေဖြင့် လုပ်ကိုင်လိုပါက ထိုင်းဘတ်ငွေ တစ်သိန်းကြိုတင် ပေးသွင်းရမည်ဟု ဆိုကာ ထိုင်းလူမျိုး ၁၀ ဦးက ထားဝယ်ဒေသတွင် လာရောက်စည်းရုံးနေ ကြောင်း ၎င်းက ပြောသည်။

ယခင်ကလည်း အထူးစီးပွားရေးဇုန် နှင့် ပတ်သက် ၍ လူထုကြားနာပွဲများ ပြုလုပ်ပြီးချိန်များ တွင် ယင်းကဲ့သို့ အလုပ်အကိုင် ခေါ်ယူသည်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုအချို့ ရှိခဲ့ဖူးသည်။

“လူထုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာက အလုပ်လိုချင်ကြတာကိုး၊ သူတို့အတွက် မက်လုံးနဲ့ ထောင်ချောက် ဖြစ်နေတယ်”ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းမှု အရ မြေပြင်ရှင်းလင်းရန် ကန်ထရိုက်လာခေါ်သည့် ထိုင်းလူမျိုးများက ပြန်သွား ပြီဖြစ်ကြောင်း သိရသည်။

ထားဝယ်ဒေသတွင် ကန်ထရိုက် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ထိုင်းဘတ် ငွေတစ်သိန်း ပေးလိုက်ရသူများ ရှိသည်ဟု ပြောဆိုနေကြသော်လည်း တနင်္သာရီ အပတ်စဉ်အနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

ယင်းကဲ့သို့ အလုပ်ခေါ်ယူမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံ မှုမရှိသကဲ့သို့ အလုပ်ခေါ်ယူခြင်းလည်း မရှိသေးကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၁ ဒေါ်ရီရီချိုက ဆိုသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် အတွက် အလုပ်သမား သို့မဟုတ် ကန်ထရိုက်တာ ခေါ်ယူနေခြင်းမရှိဘဲ ယင်းကဲ့သို့ လိမ်ညာခေါ်ယူနေပါက ဥပဒေကြောင်းအရ အရေးယူမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က ပြောသည်။

“ဒါက ဒေသကလူတွေ အရမ်းနစ် နာပါတယ်။ တကယ်လုပ်လို့ရှိရင် ပုန်းလျှိုးကွယ်လျှိုးနဲ့ လက်သိပ်ထိုးလုပ်လို့ လုံး၀မရဘူး”ဟု ဒေါက်တာတင်ထူးနိုင်က ဆိုသည်။

ယင်းကဲ့သို့ အလုပ်လိမ်ညာခေါ်ယူ မှုများ တွေ့ရှိပါက ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် အထူး စီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်းထံ ချက်ချင်းသတင်း ပေးနိုင်ကြောင်း ၎င်းက ပြောသည်။

အထူးစီးပွားရေးဇုန်အတွက် အလုပ် သမားခေါ်ယူပါက အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၊ အထူးစီးပွားရေးဇုန်၏ One Stop Service (OSS)တို့မှ တစ်ဆင့် တရားဝင်ခေါ်ယူ မည်ဖြစ်ကြောင်း ဒေါက်တာတင်ထူးနိုင်က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အလက်ရှိဖြစ်ပေါ်နေသည့်အခြေ အနေနှင့် အလုပ်ခေါ်ယူမှုအခြေအနေ များကို ပြည်သူလူထုထံ တရားဝင်အသိ ပေးမည့်အကြောင်းကို အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် လိုအပ်နေကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အလုပ်ခေါ်ယူမည့်အခြေအနေနှင့် လိမ်လည်ခေါ်ယူပါက တိုင်ကြား နိုင်ကြောင်းကို အများပြည်သူသိရှိစေရန် ဗီနိုင်းများထောင်ကာ ကျယ်ကျယ်ပြန့် ပြန့် အသိပေးရန်ပြင်ဆင်နေကြောင်း ဒေါက်တာတင်ထူးနိုင်က ပြောသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် အတွက် အလုပ်ခေါ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အေးဂျင့်ခေါ်ထားခြင်းမရှိသေးကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူး စီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောဆိုထားသည်။