ကရင်သင်္ကေတပါ ကရင်ရွာ ဆိုင်းဘုတ်များကိစ္စ ကရင်ဝန်ကြီး ကွင်းဆင်းမည်

0
7994

ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းမ ပေါ်ရှိ ကရင်ကျေးရွာအချို့တွင် ရွာ ဆိုင်းဘုတ်များကို ကရင်အမျိုးသား သင်္ကေတများ ထည့်သွင်းပြုလုပ်ထားသည့်ကိစ္စ ကွင်းဆင်းစစ်ဆေးမည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလုကာက ပြောသည်။

ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်၊ ရေပုံး စသည့်ကရင်ရွာများ၏ ဆိုင်းဘုတ် များကို ကရင်အလံများ ခြယ်သထားခြင်း၊ ကရင်အမျိုးသားရေး အမှတ်လက္ခဏာ များဖြင့် အလှဆင်ထားသည်။

“ကွင်းဆင်းလေ့လာမယ်။ ဘယ်လိုပုံစံ လုပ်ထားတယ်ဆိုတာ မှတ်တမ်းယူမယ်။ ပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြန်တင်ပြမယ်ပေါ့”ဟု စောလုကာက ပြောသည်။

ရွာဆိုင်းဘုတ်များကို ယင်းသို့ ပြုလုပ်မည်ဟု တိုင်းအစိုးရအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံလာခြင်းမျိုးလည်း မရှိကြောင်း၊ အစိုးရနှင့် ဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ကြောင်း စောလုကာက ပြောသည်။

တနင်္သာရီတိုင်းနယ်နိမိတ်အတွင်း ယင်းသို့ ကရင်ရွာများ ကရင်အမှတ် သင်္ကေတဆိုင်းဘုတ် စိုက်ထူခြင်းကိစ္စကို ထားဝယ်မြို့ခံအချို့က လုပ်သင့် မလုပ်သင့် အငြင်းပွားမှုအချို့ ရှိနေသည်။

“ကရင်ပြည်နယ်မှာ လုပ်ရင် လက်ခံပါတယ်။ အခုက တနင်္သာရီတိုင်း မှာလေ။ အဲလိုသာ ကရင်ရွာတွေနဲ့ အခြားလူမျိုးတွေ လမ်းမတောက်လျှောက် ဆိုင်းဘုတ်ထောင်နေရင် ကြာရင် တနင်္သာရီ တိုင်းဆိုတာ ပျောက်သွားမှာပေါ့” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ရွာဆိုင်းဘုတ်များကို ကရင်အလံ ခြယ်သထားခြင်း၊ ကရင်အမျိုးသားရေး အမှတ်လက္ခဏာများ တပ်ဆင်ခြင်း ပြုလုပ်ထားသည့် ကျေးဇူးတော်ရွာ၏ ကျေးရွာတာဝန်ခံ စောချစ်ဝင်းထူးကမူ ကရင်ရွာဖြစ်၍ ကရင်လူမျိုးအမှတ် လက္ခဏာများကို သဘောရိုးဖြင့် ခြယ်သတပ်ဆင်ထားခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ကရင်အမျိုးသားတွေပဲ နေတဲ့ရွာ မို့လို့ ကရင်ရိုးရာအနေနဲ့ ကရင်အမှတ် အသားတစ်ခု ထည့်ဖြစ်သွား၊ လုပ်ဖြစ် သွားတာပါ။ ကျန်တာ ဘာမှ မရှိပါဘူး”ဟု စောချစ်ဝင်းထူးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် တစ်ဦးတည်းသော တိုင်းရင်းသား ရေးရာ ဝန်ကြီးမှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်သည်။

Dawei Watch