လောင်းလုံးမြို့ပေါ်ဖဲဝိုင်း ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်နှင့် လူတစ်ဒါဇင် ဖမ်းမိ

0
1257

လောင်းလုံးမြို့၊ “ဂ”ရပ်ကွက်ရှိ ဖဲဝိုင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်း ဆီးခဲ့ရာ ဆိုင်ကယ်အစီးရေ နှစ်ဆယ်ကျော်နှင့် လူ ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါရပ်ကွက်ရှိ ရော်ဘာခြံအနီး ငှက်ပျောချောင်းအတွင်း ဖဲရိုက်နေစဉ် ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားခြောက်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖဲဝိုင်းတွင်ဖမ်းမိသူ ၁၂ ဦးထံမှ စုစုပေါင်းငွေကျပ်သိန်း ၆၀ ကျော်၊ ဖုန်း ၇ လုံးနှင့် ဖဲထုပ်များ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့ဝင်ဖမ်းစဉ် ဖဲဝိုင်းဘေးတွင် ရပ်ကြည့်နေသည့် လူ ၁၀ ဦးခန့် ထွက်ပြေးသွားကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အပြင် ဖဲဝိုင်းနှင့် ပေ ၃၀ ခန့်အကွာ တွင် ရပ်နားထားသည့် ဆိုင်ကယ်မျိုးစုံ ၂၁ စီးကို သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မိမိရပ်ရွာအတွင်း လောင်းကစားဝိုင်းရှိပါက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ် ရေးမှူးထံ သတင်းပို့ရန် လိုအပ်ပြီး ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆို ပြီး ရက်အနည်းငယ်အကြာတွင် ယင်း ကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းဖဲဝိုင်းလောင်းကစားရှိနေ ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းထံဖုန်းဖြင့် အသိပေး တင်ပြခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စကို သိသိချင်းပဲ အသိပေးပါတယ်။ သူသိသိချင်းမှာ ညကကျွန်တော့်ဆီ လှမ်းပြောပါတယ်”ဟု ဦးကံထူးက ပြောသည်။

ဖဲဝိုင်းတွင် ဖမ်းမိသူများကို လောင်းကစားဥပဒေပုဒ်မ – ၁၅ (က)ဖြင့် လောင်းလုံးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထက်ပါ ပုဒ်မကို ဖောက်ဖျက်ပါက ထောင်ဒဏ် အနည်းဆုံး တစ်လမှ ခြောက်လအထိ ချမှတ်နိုင်သည့်အပြင် ကျပ်ငါးသောင်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံပစ္စည်းနှင့် ငွေများကိုပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သည်။

Dawei Watch