တိုင်းအစိုးရ တည်ဆောက်ရေးလုပ်ငန်း အချို့ တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်းနှင့်မညီ

0
603

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းအချို့ ကို တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်း နှင့်မညီဘဲ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း တိုင်းဒေသကြီး စာရင်း စစ်ချုပ်က တိုင်းလွှတ်တော်သို့ အစီရင်ခံ လာသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပ သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တွင် တင်ပြလာခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ ၆ လအတွင်း တိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည့် “ဘဏ္ဍာရေး စည်းမျဉ်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရ မည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ တင်ဒါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် စစ်ဆေးတွေ့ရှိချက်များ”ကို အစီရင်ခံလာခြင်း ဖြစ်သည်။

ယင်းကာလမှာ လက်ရှိတွင် အဂတိ အမှု ၄ မှုဖြင့် စွဲချက်တင်ခံရပြီး အမှု ရင်ဆိုင်နေသည့် ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသည့် ကာလဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ဦးမြင့်မောင်က သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တိုင်းအစိုးရအဖွဲ့အတွင်း တာဝန်ယူထားသည့် ကာလ ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု မရှိဘဲ လုပ်ခဲ့သည့် လုပ်ငန်းအချို့

၁။ ထားဝယ်တွင် အစိုးရအဖွဲ့ပိုင် ကားဂိုဒေါင် ဆောက်လုပ်ခြင်း ခွင့်ပြုငွေ ကျပ် ၁၁၅ သိန်းကို တင်ဒါ မခေါ်ဘဲ လုပ်ခဲ့။

၂။ တိုင်းလမ်းဦးစီးဌာနသို့ လုပ်ငန်း အပ်နှံခဲ့သော လုပ်ငန်း ၁၁ ခုတွင် ၄ ခု ကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီများနှင့် လုပ်ငန်း စာချုပ် ချုပ်ဆိုခဲ့။

၃။ ထားဝယ် ပိန္နဲတောရပ်ကွက် ရေရရှိရေးလုပ်ငန်း ကျပ် ၄၄ ဒသမ ၀၆၁ သန်းအား တင်ဒါမခေါ်ဘဲ တိုင်းအစည်း အဝေးဆုံးဖြတ်ချက်ဖြင့် F22 Sunny ကုမ္ပဏီအား ဆောင်ရွက်စေခဲ့။

၄။ တိုင်းဒေသကြီး အရန်ဆန် ကျပ်သိန်း ၁၅၀၀ ဖိုးကို တင်ဒါမခေါ်ဘဲ မြိတ်နှင့် တောင်ငူမှ ဆန်လုပ်ငန်းရှင် ၂ ဦး တို့နှင့် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်း။

၅။ တိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တင်ဒါအောင်မြင်သူများ ၏ လုပ်ငန်းပြီးမြောက်မှု အာမခံကြေး ၅ ရာခိုင်နှုန်းကို ၅ ရက်အတွင်း ပေးသွင်း ရမည်ဟု ညွှန်ကြားထားသော်လည်း အနည်းဆုံး ၆ ရက်မှ အများဆုံး ၃ လ အထိ ကြာမြင့်ပြီးမှ ပေးသွင်းထားခြင်း။

၆။ မြိတ်မြို့နယ် အငှားအိမ်ရာ (၆ ခန်းတွဲ ၄ ထပ် )၂ လုံး ဆောက်လုပ်ခြင်း အတွက် ကျပ် ၅၉၅ သန်းအား လမ်းဦးစီး ဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် နိုင်ငံပိုင်သတင်းစာများနှင့် ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတို့တွင် တစ်လ ကြိုတင်ကြေညာရမည်ဟု ညွှန်ကြားထား သော်လည်း ကြော်ငြာသင်ပုန်းတွင်သာ ကြော်ငြာထားခြင်း။

ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်မှု မရှိခြင်း

မြန်မာနိုင်ငံ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်း ၃၅/၂၀၁၇ အပိုဒ် ၁၂၅ အရ “ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးခွင့်ပြုချက် ရှိသော ကိစ္စများမှတစ်ပါး ဝန်ထမ်းတစ်ဦး သည် ဘဏ်ငွေထုတ်စာရင်းမှ ငွေများကို ထုတ်ယူပြီး အခြားတစ်နေရာတွင် (သို့) ဘဏ်တစ်ခုခုတွင် သီခြားစာရင်းဖွင့်၍ သော်လည်းကောင်း၊ အခြားနည်းဖြင့်သော် လည်းကောင်း အပ်နှံထားခြင်း မပြုရ”ဟု ပါရှိကြောင်း တိုင်းစာရင်းစစ်ချုပ်က အစီရင်ခံသည်။

ထို့အပြင် “အချိန်မီဆောင်ရွက်ပြီးစီးခြင်းမရှိသော တည်ဆောက်ရေး လုပ်ငန်းများအတွက် ခွင့်ပြုငွေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်”ဟု ညွှန်ကြားထားရာ တိုင်းအစိုးရ အဖွဲ့သည် အောက်ပါအချက်များကို ညွှန်ကြားချက်များနှင့် မညီဘဲ လုပ်ဆောင် ခဲ့ကြောင်း စာရင်းစစ်ချုပ်က လွှတ်တော်တွင် တင်ပြသည်။

၁။ တိုင်းအစိုးရအဖွဲ့မှ တိုင်းလမ်း ဦးစီးဌာနသို့ လုပ်ငန်း ၁၁ ခုအတွက် ကျပ် ၁၉၇၁ ဒသမ ၂၃၉ သန်းအား ဘဏ္ဍာရေးနှစ်ကုန်ဆုံးရက် ၃ ရက်အလို (၂၇.၉.၂၀၁၈)တွင် ငွေသား ထုတ်ပေးခဲ့ သဖြင့် တိုင်းဒေသကြီး လမ်းဦးစီးဌာန ဦးစီးအရာရှိ စာရင်းရှင် စာရင်းအမှတ် CO-002172 ဖွင့်လှစ်၍ ငွေပေးသွင်း ခဲ့ခြင်း။

၂။ တိုင်းအတွင်း သောက်သုံးရေ ရရှိရေးလုပ်ငန်း အသုံးစရိတ်ခေါင်းစဉ်ဖြင့် လုပ်ငန်း ၅ ခုအတွက် ကျပ် ၂၂၉ ဒသမ ၆၆၁ သန်းအား ဌာနငွေထုတ်စာရင်းအမှတ် MD-022094 မှ ထုတ်ယူ၍ တိုင်း အစိုးရအဖွဲ့၏ စာရင်းရှင်အမှတ် CF- 001466 သို့ ပေးသွင်းပြီး ၎င်းမှတစ်ဆင့် အလီလီ ထုတ်ယူသုံးစွဲခဲ့ခြင်း။

၃။ တိုင်းအစိုးရအဖွဲ့ရုံး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများအတွက် ပေးချေရန် ကျန် ရှိငွေ ကျပ် ၉၇၅၃ ဒသမ ၉၂၁ သန်းအား ဌာနငွေထုတ်စာရင်းအမှတ် MD-022094 မှ ထုတ်ယူ၍ စာရင်းရှင်အမှတ် CF- 001466သို့ ပေးသွင်းထားခြင်း။

တည်/ကော်က အတည်မပြု၍ မစစ် ဆေးနိုင်

တည်ဆောက်ရေးလုပ်ငန်း စိစစ် ရေးကော်မတီ၏ အတည်ပြုထားသော ခန့်မှန်းခြေငွေစာရင်းများ တင်ပြနိုင်မှု မရှိ၍ စစ်ဆေးနိုင်ခြင်းမရှိသော တည်ဆောက်ရေးလုပ်ငန်း နှစ်ခုရှိကြောင်း စာရင်းစစ်ချုပ်က အစီရင်ခံသည်။

၁။ ဘုတ်ပြင်း၊ ကျောက်ထနောင်း အလက ဆရာဆရာမနေအိမ်တစ်လုံး (ခွင့်ပြုငွေ ၁၅၀ သိန်း)

၂။ မြိတ် ကန်ကြီးဘောင် သန့်ရှင်း ရေးပြုလုပ်ခြင်း လုပ်ငန်း(ခွင့်ပြုငွေ ၅၀၀ သိန်း)

စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု မရှိသောလုပ်ငန်းများ

၁။ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံးမှ တင်ဒါအောင်မြင်သူများနှင့် စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်း ၁၆၂ ခု အနက် ၉၀ ခုတွင် စာချုပ်ချုပ်ဆိုသည့် ရက်စွဲများ မပါ။

၂။ မြိတ်မြို့နယ် အငှားအိမ်ယာ (၆ ခန်းတွဲ၊ ၄ ထပ်) နှစ်လုံး ဆောက်လုပ် ရာတွင် လုပ်ငန်း လုပ်ဆောင်ပြီး ၃ လ ကျော်ကြာမှ လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခဲ့။

၃။ မြိတ်နှင့် ထားဝယ် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း ဆောက်လုပ်ခြင်း လုပ်ငန်းစတင်ပြီး လေးလ ကျော်ကြာမှ လုပ်ငန်းအပ်နှံစာချုပ်များ ချုပ်ဆိုခဲ့။

တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေး ကော်မတီကမူ အထက်ပါ အချက်များ ဆက်လက် မဖြစ်ပွားစေရန် အတွက် တိုင်းအစိုးရအနေဖြင့် ဌာနများ၊ အဖွဲ့အစည်းများ ကုမ္ပဏီများကို စိစစ် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း လွှတ်တော်တွင် သဘောထားမှတ်ချက် ပြုခဲ့သည်။

Dawei Watch