ကြာဦးမည့် ထားဝယ်စီမံကိန်း

0
2381
ဓာတ်ပုံ - DW

စီမံကိန်း ကြားနာပွဲမှ ကောက်နုတ်ဖော်ပြချက်

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ပြည်သူ့ကြားနာပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ထားဝယ်မြို့၌ ကျင်းပခဲ့ သည်။ ယင်းပွဲမှ အချက်အချို့ကို တနင်္သာရီ အပတ်စဉ် စာဖတ်ပရိသတ်များ အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ထားဝယ်စီမံကိန်း ကြန့်ကြာရသည့် အကြောင်း

၂၀၀၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးကာ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ရပ်နား ခဲ့သည်။ ထိုနောက် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတို့ အကောင်အထည်ဖော်သော စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ကြန့်ကြာလျက် ရှိသည်။

စီမံကိန်းကြန့်ကြာရခြင်းအကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ရှင်းပြသည်။ နှစ်ဘက်ဖြည့်ဆည်းရမည့် အချက်များတွင် မြန်မာအစိုးရ ဘက်မှ ဖြည့်ဆည်းရမည့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ စစ်တမ်း (EIA)၊ လူမှုရေးအရ ထိခိုက်နိုင်ခြေစစ်တမ်း (SIA)၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း OSS ထူထောင်ပေးရေး စသည့် အချက်များ၌ မြန်မာဘက်က ကြန့်ကြာ နေခဲ့သည်။

ကနဦး ပထမအဆင့် လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) က တောင်းဆိုချက်အချို့မှာ စာချုပ်ပါ အချက်များနှင့် ကွဲလွဲနေသဖြင့် လိုက် လျောပေးနိုင်ခြင်း မရှိပေ။ ဆိပ်ကမ်းငယ် နှင့် LNG ဓာတ်ငွေ့ရည်သုံး စက်ရုံ ပူးပေါင်းတည်ဆောက်ရေးကို ဒေါက်တာ မြင့်ဆန်းက အလေးပေးပြောဆိုသည်။ ယင်းအပြင် ITD က အကောင်အထည် ဖော်ရမည့် လုပ်ငန်းကိုးခုမှာ ဘဏ္ဍာငွေ အခက်အခဲကြောင့် လုပ်ဆောင်ရန် အခက် အခဲ ရှိနေခဲ့သည်။

ITD က လုပ်ငန်းလုပ်ကိုင်ရန် စိတ်အားထက်သန်မှုအားနည်းခြင်းကလည်း လုပ်ငန်းကြန့်ကြာရသည့် အကြောင်း ရင်းတစ်ခု ဖြစ်ကြောင်း ဒေါက်တာ မြင့်ဆန်းက ထောက်ပြသည်။

“အချိန်ဆွဲ သလိုဖြစ်နေမလားဆိုပြီး သံသယ ဖြစ်မိတယ်”ဟု ၎င်းက ဆိုသည်။

ITD က လုပ်ငန်းဆောင်ရွက်ခွင့် အတွက် ပေးသွင်းရမည့် နှစ်စဉ်ကြေး ငွေများ ပျက်ကွက်လျက်ရှိသည်။ အထူး စီးပွားရေး စီမံခန့်ခွဲမှု ကော်မတီမှာ အစိုးရမှ ထုတ်ပေးသော ဘဏ္ဍာငွေဖြင့် မဟုတ်ဘဲ ယင်းနှစ်စဉ်ကြေးငွေဖြင့် လည်ပတ်နေရခြင်း ဖြစ်ကြောင်း ဒေါက်တာ မြင့်ဆန်းက ရှင်းပြသည်။

မည်သို့ ရှေ့ဆက်မည်

စီမံကိန်း ဧရိယာ စုစုပေါင်း ၁၉၆ စတုရန်း ကီလိုမီတာအနက် ကနဦး စီမံကိန်းဧရိယာ ၂၇ စတုရန်းကီလိုမီတာ ကို အပိုင်းလေးပိုင်းဖြင့် စတင်အကောင် အထည်ဖော်ရန် ရည်မှန်းထားသည်။

၂၇ စတုရန်း ကီလိုမီတာကို ၇ စတုရန်း ကီလိုမီတာ သုံးပိုင်း၊ ၆ စတုရန်း ကီလိုမီတာ တစ်ပိုင်း ဖြင့် စုစုပေါင်း လေးပိုင်း အကောင်အထည်ဖော်မည် ဖြစ်သည်။ သို့သော် ၇ စတုရန်းကီလိုမီတာ (၇၀၀ ဟက်တာ) အနက် ဟက်တာ ၁၀၀ တွင် စတင်အကောင်အထည်ဖော်ခွင့် ပြုမည် ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်ရန် စက်မှုဇုန်နှင့် သက်ဆိုင်သော မြေငှား စာချုပ်ချုပ်ဆိုရေး တစ်နှစ်အကြာ ညှိနှိုင်း ခဲ့ရပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်း တွင် အပြီးသတ်စာချုပ်ကို ITD သို့ ပေးပို့ထားပြီးဖြစ်သည်။ ITD က ရက်ပေါင်း ၁၂၀ အတွင်း အကြောင်းပြန် ရမည်ဖြစ်သည်။

ITD က ကနဦး စီမံကိန်း ဟက်တာ ၁၀၀ အတွက် ဖော်ဆောင်မည့် စီမံကိန်း အတွက် ငွေကြေး၊ လုပ်ငန်း စီမံချက်နှင့် အချိန်ဇယားတို့ တင်ပြရန်လိုသည်။ ယင်းတို့ကို ဆက်လုပ်နိုင်မှသာ ITD ကိုမြေငှားဂရန် ဆက်ထုတ်ပေးမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မည်ဟု ပြောဆို ထားချက်များကို မလုပ်နိုင်ပါက အရေး ယူမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်း ကဆိုသည်။ ယခင်က မြန်မာဘက်မှ လုပ်ဆောင်ပေးရန် ကိစ္စများ ပျက်ကွက် မှုကြောင့် အရေးမယူနိုင်ခဲ့ဟု ဆိုသည်။

ကနဦး ပထမအဆင့် စီမံကိန်း များပြီးမှ ကျန်ပင်မစီမံကိန်း အဆင့်များ (Full Phase) ကို စတင်မည်ဖြစ်သည်။ ကနဦးစီမံကိန်းသည်ပင် ရှစ်နှစ်ခန့် ကြာနိုင်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။ ကနဦး စီမံကိန်း ကြန့်ကြာ သည့် အတွက် ပင်မစီမံကိန်းကို ပြိုင်တူ လုပ်ကိုင်နိုင်ရန် လည်း ကြိုးစားနေသည် ဟုဆိုသည်။

လျော်ကြေး ကိစ္စ

စီမံကိန်းဧရိယာအတွင်းရှိ မြေယာ လျော်ကြေးငွေကိစ္စကိုမူ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ဦးဆောင်သော မြေယာစီမံခန့်ခွဲမှု ကော်မတီက ဆောင်ရွက်မည်ဖြစ်သည်။ ITD နှင့် ကော်မတီတို့ ညှိနှိုင်းကာ လျော်ကြေး၊ ရွှေ့ပြောင်း နေရာချထားမှု စသည်တို့ကို နိုင်ငံတကာ လုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်မည်ဟု ဆိုသည်။

လုပ်ငန်းစတင်မှသာ လျော်ကြေး ကိစ္စ ဆောင်ရွက်မည်ဖြစ်သည်။

“ဒါကြောင့် လျော်ကြေးပိုင်းကတော့ ယခင်လို လုပ်မှာ မဟုတ်ပါဘူး။ စနစ် တကျနဲ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မြင့်ဆန်းက ဆိုသည်။

စီမံကိန်းကို တစ်နိုင်တစ်ပိုင် အနေ အထားမှသာ စတင်မည်ဖြစ်ပြီး လုပ်ငန်း စတင်သည့် အပိုင်းအလိုက် လိုအပ်သည့် လျော်ကြေးပေးလျော်မှုများကို ထိခိုက် နစ်နာမှု နည်းစေသည့် ပုံစံဖြင့် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ရှင်းပြသည်။

ပေးလျော်မှုတွင်လည်း နိုင်ငံတကာ တွင် ကိုင်တွယ် ဆောင်ရွက်နေသော လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင် ရွက်မည်ဖြစ်ပြီး နှုန်းထားမှာ နိုင်ငံတကာ အတိုင်း ပေးလျော်နိုင်ရန် မဖြစ်နိုင် ကြောင်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ အဖြစ်နိုင်ဆုံးနဲ့ အများ လက်ခံနိုင်တဲ့၊ အကောင်းဆုံးဖြစ်တဲ့ အနေအထားဖြစ်အောင် ညှိနှိုင်းဆောင် ရွက်သွားနိုင်မယ်လို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်”ဟု ဒေါက်တာ တင်ထူးနိုင် က ပြောသည်။

လမ်း ကိစ္စ

အထူးစီးပွားရေးဇုန်ထိပ် ထားဝယ် မြစ်မှ ထိုင်းနယ်စပ် ထီးခီးအထိ ၁၃၈ ကီလိုမီတာ အရှည်လမ်းပိုင်း အဆင့်မြှင့် တင်မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ အစိုးရ လမ်းဦးစီးဌာနမှ မြေပြင်တိုင်းတာ ရေး လုပ်ငန်းများ ထပ်မံ ဆောင်ရွက်နေ ကြောင်း ဌာနတာဝန်ရှိသူ တစ်ဦးက ကြားနာပွဲတွင် ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (NEDA) ချေးငွေ ဖြင့် လုပ်ဆောင်မည့် ယင်းလမ်းပိုင်းတွင် အပိုင်းနှစ်ပိုင်း ပါဝင်မည်ဖြစ်သည်။

အထူးစီးပွားရေးဇုန် အစပ်မှ မေတ္တာမြို့ အထိ တစ်ပိုင်း၊ မေတ္တာမှ ထီးခီးနယ်စပ် အထိ တစ်ပိုင်း နှစ်ပိုင်း ပါဝင်သည်။ စီမံကိန်းကာလသုံးနှစ်ခန့်ကြာမည်ဟု ခန့်မှန်း ထားသည်။ ဇီ၀မျိုးစုံ မျိုးကွဲ ပေါများသော ဒေသကို ဖြတ်သန်းသွားမည် ဖြစ်သောကြောင့် တိရိစ္တာန်များ ကူးသန်း သွားနိုင်သည့် ကုန်းကျော်တံတား ၁၂ စင်း တည်ဆောက် မည်ဖြစ်သည်။

မေတ္တာမြို့အနီးတွင် နားနေစခန်း (Rest Camp) တစ်ခု တည်ဆောက်မည် ဖြစ်သည်။

နှစ်လမ်းသွားလမ်းကို ရွာသူ ရွာသားများ အသုံးပြုခွင့်ရှိမည်ဖြစ် ကြောင်း လမ်းဦးစီးဌာန တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။ သို့သော် လမ်းပိုင်းတွင် ရှိသော လမ်းအကောက်စခန်း (Toll Gate) ဖြတ်သန်းသွားပါက အကောက်ပေးဆောင်ရမည်ဟုဆိုသည်။

နှစ်လမ်းသွားလမ်းမ စီမံကိန်းကို လမ်းမကြီးများ ဥပဒေအတိုင်း အစိုးရက ကိုင်တွယ်မည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်ဥပဒေနှင့် သက်ဆိုင်မည် မဟုတ်ပေ။ လမ်းပိုင်းတည်ဆောက်ရန် မည်သည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေးမည်ကို မသိရသေးပေ။ လမ်းပိုင်းအတွက် တင်ဒါ ခေါ်သွားမည်ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်း ကိစ္စ

အထူးစီးပွားရေးဇုန်တွင် အလုပ် အကိုင် အများအပြားဖန်တီးပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နည်းပညာ နိမ့်လုပ်ငန်းများ လာရောက် လုပ်ကိုင်နိုင်ရန် ရည်မှန်းထားကြောင်း အထူးစီးပွားရေးဇုန် အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ရှင်းလင်းပြော ဆိုသည်။

ကြားနာပွဲ တက်ရောက်လာသော ဒေသခံ အချို့ကမူ စက်ရုံ အလုပ်ရုံများ တွင် အလုပ်ကိုင်နိုင်ရန် အစိုးရအနေနှင့် ဒေသခံများ အရည်အသွေးစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပြင်ဆင်ထားမှု အခြေအနေများကို မေးမြန်းခဲ့သည်။ ယင်းအပြင် အထူးစီးပွားရေးဇုန် ဖော်ဆောင် နေသူများအနေနှင့် ထိုင်းနိုင်ငံမှ အလုပ်သမားများ ပြန်လည် လုပ်ကိုင် နိုင်ရေး ပြောဆိုသော်လည်း ထိုင်းနိုင်ငံတွင် ရရှိသည့် လုပ်ခနှုန်းထားနှင့် တန်းတူ နီးပါး မရရှိပါက လာရောက်လုပ်ကိုင်ရန် အခက်အခဲ ရှိနိုင်ကြောင်း ထောက်ပြ ပြောဆိုသည်။

အလုပ်ချင်းတူပါက ထိုင်းနိုင်ငံ သားများနှင့် တန်းတူ အခွင့်အရေးအပေး ရန် ဒေသခံတစ်ဦးက ထောက်ပြသည်။

အထူးစီးပွားရေးဇုန် လုပ်ငန်းများ မစတင်နိုင်သေးသည့် အတွက် မည်သို့ သော အလုပ်အကိုင် လိုအပ်သည်ကို အတိအကျ မပြောနိုင်သေးဘဲ စက်မှုဇုန် တွင် ရင်းနှီးမြှုပ်နှံသူများ ရှိလာသည် နှင့်အမျှ အသက်မွေး လုပ်ကိုင်စားသောက် နိုင်သော ပညာသင်ကျောင်းများ ရှိလာနိုင်ကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်ကဆိုသည်။

လုပ်ခလစာမှာမူ မြန်မာနိုင်ငံ အခြေအနေအရ ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံတကာစံနှုန်းနှင့်အညီ ရရှိရန် ခက်ခဲကြောင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် အဆပေါင်းများစွာ ပိုမိုဖွံ့ဖြိုးပြီး အခြေခံ အဆောက်အဦ သာလွန်ကောင်းမွန်ခြင်း၊ အစိုးရ၏ လုပ်ထုံးလုပ်နည်းမြန်ဆန်ခြင်း ကဲ့သို့သော အားသာချက်များ ရှိသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် ထိုင်းနှင့် တန်းတူ လုပ်ခပေးရပါက မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် စရာအကြောင်း မရှိကြောင်း ၎င်းက ဆိုသည်။

လုပ်ခလစာမှာ ဈေးကွက်သဘော အတိုင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့်လည်း လုပ်သားတို့၏ ကုန်ထုတ် စွမ်းအားအလိုက် လုပ်ခလစာ ပေးရန် ရှိနိုင်ကြောင်း၊ ဒေသခံများအနေနှင့်လည်း စွမ်းဆောင်ရည် တိုးတက်ရေး ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဒေါက်တာ တင်ထူးနိုင်က အကြံပြုသည်။

စမည့် အချိန်

အချုပ်အားဖြင့် စီမံကိန်း စတင် မည့် အချိန်ကို မသိရသေးပေ။ မြေငှား စာချုပ်ကို ITD ကုမ္ပဏီသို့ ပေးပို့ထား ပြီးဖြစ်ပြီး မတ်လအတွင်း နောက်ဆုံး ထား လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

ထိုနောက်တွင်မှ တစ်ဆင့်ချင်း စတင်နိုင်မည်ဖြစ်သည်။ တရုတ်၊ ဂျပန် စသည့် ကုမ္ပဏီများက ထားဝယ်အထူး စီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ လိုကြောင်း သတင်းအချို့တွင် ဖော်ပြနေ သော်လည်း ယင်းမှာ “အပြောသက်သက်” မျှသာ ဖြစ်သည်။

မည်သည့် ကုမ္ပဏီလုပ်ငန်းမျှ လက်တွေ့ မြေပြင်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် လုပ်ကိုင်ခြင်း မရှိသေးပေ။ နားလည်မှု စာချွန်လွှာပင် လက်မှတ်လာထိုးသည့် ကုမ္ပဏီမရှိသေး ကြောင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက ဆိုသည်။

“အချိန်အားဖြင့်တော့ ကြာဦးမယ်။ တော်တော်လေး အင်တိုက်အားတိုက် လုပ်မှ ဒီဇုန်ကြီးက ပေါ်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

Dawei Watch