မောင်းမကန်တွင် တရားမဝင် တည်းခိုခန်းများကို အရေးယူမည်ဟုဆို

0
477

ထားဝယ်ဒေသ၏ နာမည်ကြီးမောင်း မကန်ကမ်းခြေအနီးတစ်ဝိုက်တွင် တရား မဝင် ဖွင့်လှစ်ထားသော တည်းခိုခန်း များကို အရေးယူမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောကြားလိုက်သည်။

မောင်းမကန်ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဟိုတယ်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၃ ခုရှိပြီး စည်ပင်သာယာရေးလိုင်စင်ဖြင့် ဖွင့်ထားသည့် တည်းခိုခန်း ၃ ခုရှိကြောင်း သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။

မောင်းမကန်ကမ်းခြေတွင် တည်းခိုခန်း၊ ဘန်ဂလို၊ ဟိုတယ် အမည်တပ် တည်းခိုခန်းပေါင်းများစွာ ရှိသော်လည်း လိုင်စင်ရသူမှာ အနည်းငယ်သာ ရှိသည်။

ယင်းကဲ့သို့ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်ထားသည့် တည်းခိုခန်းများကို စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူနိုင်ရန် အစိုးရက ပြောဆိုလာခြင်း ဖြစ်သည်။

“သူ့ကိုပဲ ပြန်ပြီးအရေးယူခိုင်းရ မယ်ပေါ့။ စည်ပင်ဥပဒေအရပေါ့နော်”ဟု ဦးကံထူးက ဆိုသည်။

လက်ရှိ မောင်းမကန်ကမ်းခြေအနီး တစ်ဝိုက်တွင် တည်းခိုခန်း၊ ဘန်ဂလို အမည်တပ်ကြော်ငြာထားသည့် တည်းခိုခန်း အရေအတွက် ၃၀ နီးပါးအထိ ရှိနေကြောင်း မောင်းမကန်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

ထို့အပြင် တည်းခိုခန်းအမည်မတပ်ထားသည့် ဘန်ဂလို(လုံးချင်း/အခန်း)များလည်း ရှိသေးကြောင်း ၎င်းက ပြောသည်။

ရပ်ရွာအတွင်း ယင်းကဲ့သို့ တည်းခိုခန်း/ဘန်ဂလိုဆောက်မည့်အပေါ် ၎င်းထံ ခွင့်ပြုချက်တောင်းခံခြင်း၊ အသိပေးခြင်းလည်း မရှိကြောင်း ဦးသန်းနိုင်က ဆိုသည်။

ကမ်းခြေတစ်ဝိုက်တွင် ခွင့်ပြုချက် မရှိဘဲ ဆောက်နေသည့်အပေါ် ဓာတ်ပုံမှတ်တမ်းများဖြင့် စည်ပင်သာယာရေး အဖွဲ့ထံတင်ပြရာ စည်ပင်အဖွဲ့မှ စာထုတ် တားမြစ်သော်လည်း ဆက်လက်ဆောက် လုပ်ကြကြောင်း ၎င်းက ပြောသည်။

“လက်ရှိကတော့ ဘာမှမဖြစ်သေး ဘူးဆိုတော့၊ ပြဿနာတစ်စုံတစ်ရာ ပေါ်လာမယ်ဆိုရင်တော့ အကုန်လုံး အလုပ်ရှုပ်ကြ မှာပေါ့”ဟု မောင်းမကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။
တည်းခိုခန်းလိုင်စင်ဖြင့် တရားဝင် ဖွင့်လှစ်လိုသော်လည်း မောင်းမကန်ရွာမှာ မြေယာပိုင်ဆိုင်မှု အထောက်အထားများအရ အခက်အခဲဖြစ်နေရကြောင်း ကမ်းခြေအနီး တည်းခိုခန်းဖွင့်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သတ်မှတ်အခွန်အခများ ပေးသွင်းပြီး တရားဝင်လိုင်စင်ဖြင့် တည်းခိုခန်းလုပ်ငန်းလုပ်ဆောင်လိုကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

မောင်းမကန်ရွာတွင် ပီတိ၊ ဆွိဟန်နီ၊ ထားဝယ်ဗြူးတီး တည်းခိုခန်း ၃ ခုသာ စည်ပင်လိုင်စင်ဖြင့် ဖွင့်ထားကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ဟိုတယ်^ခရီးဌာန၏ ဟိုတယ်လိုင်စင်ဖြင့် DDPC၊ TDDPC (တနင်္သာရီ)နှင့် ကိုကိုးနတ်ဟိုတယ် ၃ ခုရှိကြောင်း ယင်းဌာနထံမှ သိရသည်။

မောင်းမကန်ကမ်းခြေ အပါအဝင် ထားဝယ်ဒေသတွင် သင်္ကြန်ကာလကဲ့သို့ အခါကြီးရက်ကြီးအချိန်များ၌ တည်းခိုခန်းနှင့် ဟိုတယ်မလုံလောက်မှုများကြောင့် အခန်းခဈေးနှုန်း အဆမတန်ကြီးမြင့် လေ့ရှိသည်ဟု ခရီးသွားများအကြား ဝေဖန်ပြောဆိုမှုအချို့ ရှိခဲ့သည်။

Dawei Watch