ပျောက်ဆုံးအမျိုးသမီး အချိန်တစ်လကြာအထိ ပြန်မတွေ့သေး

0
500

ထားဝယ်မြို့ရှိ နေအိမ်မှ ပျောက်ဆုံးသွားပြီး ၎င်းအဖမ်းခံထားရသည်ဟု ဖုန်းဆက်ပြောဆိုလာသည့် အမျိုးသမီးကို အချိန်တစ်လကြာသည်အထိ ပြန်မတွေ့ သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

သင်္ဘောဆိပ်ရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ်ရှိ မယုဇနဝေ ခေါ် ညီမလေးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် ညနေပိုင်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့သည်။

ပျောက်ဆုံးပြီး တစ်ပတ်အကြာတွင် Mytel ဆင်းကတ်ဖြင့် ၎င်းမှာ မည်သည့်နေရာကို ရောက်ရှိနေမှန်းမသိဘဲ ပင်လယ်ကမ်းခြေကိုသာ မြင်တွေ့ရသည်ဟု မိခင်ဖြစ်သူကို ငိုယိုပြီးပြောဆိုခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးငယ်ပျောက် ဆုံးမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် လူပျောက်မှုဖြင့် အမှုဖွင့်ထားသည်။

ရဲစခန်းသို့ တိုင်ကြားထားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းနေသည် ဟုဆိုသော်လည်း ပျောက်ဆုံးပြီးအချိန် တစ်လကြာသည်အထိ ထူးခြားမှုမရှိသေးကြောင်း ပျောက်ဆုံးနေသည့် မိန်းကလေး၏ အစ်မဖြစ်သူ မယုယုဝေက ဆိုသည်။

“ထင်တာပြောရရင် လေးလေးနက်နက်မရှိတဲ့ ပုံစံဖြစ်နေတာပေါ့ရှင်။ အကြောင်းမထူးသေးဘူး။ အကြောင်းထူးရင် အကြောင်းပြန် လိုက်မယ်ပဲ ပြောတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ညီမဖြစ်သူ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သတင်းအစအန မရသေးသကဲ့သို့ ညီမဖြစ်သူထံမှလည်း ဖုန်းဆက်လာခြင်းမရှိတော့ကြောင်း မယုယုဝေက ဆိုသည်။

ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးကမူ ယင်းလူပျောက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး မိခင်ဖြစ်သူထံ ဆက်သွယ်ခဲ့သည့် ဖုန်း၏ တည်နေရာသိရှိနိုင် ရန်ဆက်သွယ်ရေးအော်ပရေတာကို ဆက်သွယ်ထားဆဲဖြစ်သည်ဟု ပြောသည်။

Dawei Watch