ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် မြေသားစတင်စမ်းသပ်

0
735

ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်သည့် လုပ်ငန်းများကို ယခုလအစောပိုင်းတွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)ထံမှ သိရသည်။

မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတား အကြားနေရာတွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူသည့်စက်ဖြင့် လုပ်ဆောင်နေကြောင်း တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။

ယင်းနေရာရှိ မြေသားနမူနာများကို ကုန်းပေါ်နှင့် ရေအောက်ရှိ နေရာ ၇ ခု တွင် ယူရမည်ဖြစ်ပြီး လက်ရှိတွင် ကုန်းပေါ်ရှိနေရာ ၂ ခုတွင် ယူပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“တံတားပုံစံကို ဒီမြေသားအပေါ်မှာ မူတည်ပြီးတော့ ပုံစံထုတ်ရမှာပါ”ဟု ဦးကျော်မျိုးထွန်းက ပြောသည်။

ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်ခြင်း၊ တံတားပုံ ထုတ်ခြင်း၊ စီမံကိန်းဧရိယာသတ်မှတ် ရှင်းလင်းခြင်း လုပ်ငန်းများအတွက် ယခု ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းငါးရာ ကျခံ သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

တံတားအသစ် တည်ဆောက်ရန် လက်ရှိသတ်မှတ်ထားသည့်နေရာတွင် တံတားအရှည် ၁၁၀၀ ပေခန့် ရှိမည်ဖြစ်သည်။

ထားဝယ်ဒေသခံ အများစုကမူ ထားဝယ်မြစ်ကူးတံတားအသစ်ကို ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ နေရာတွင် တည်ဆောက်ပေးရန်လိုလား ကြသည်။ လက်ရှိထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ၁၉၇၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အရှည်ပေ ၁၁၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၂ ပေရှိသည်။

Dawei Watch