ကျွန်းစုတွင် မူးယစ်ဆေးသုံးစွဲမှု အလယ်တန်းကျောင်းသားအထိပျံ့နှံ့ဟု အမျိုးသားလွှတ်တော်ကော်မတီ ပြော

0
324

ကျွန်းစုရှိ ကျေးရွာအချို့တွင် အလယ်တန်း ကျောင်းသားအဆင့်အထိ မူးယစ်ဆေးဝါး ဝင်ရောက်ပျံ့နှံ့နေသည်ကို သိရှိရကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

အထက်ပါ ကော်မတီက ကျွန်းစုမြို့နယ်ကျေးရွာများရှိ ကျားဖောင်(ကျားပါးစပ်) လုပ်ငန်းများသို့ ဇန်နဝါရီလ တတိယပတ်အတွင်းက သွားရောက်စစ် ဆေးပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က သွားရောက် ခဲ့သည့်ကျွန်းစုမြို့နယ်၊ အုတ်ဖိုမော် ကျေးရွာတွင် မူးယစ်ဆေးဝါးကိုဒေသခံများ ကိုယ်တိုင်ရောင်းချနေသည်ကိုကြားသိရပြီး ကျားပါးစပ်လုပ်သားများအတွင်း ၌လည်းမူးယစ်ဆေးဝါး သုံးစွဲမှုအတွင်း ကျွံဝင်နေသည်ကို သိရှိခဲ့ရကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ ဆလိုင်းမျိုးထိုက်က ပြောသည်။

“အခုက ရေလုပ်သားတင် မဟုတ်တော့ဘူး။ ကျောင်းသားအလယ်တန်းအဆင့်အရွယ်တွေပါ ကူးစက်လာနေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စသည် အလေးထားရမည့် ပြဿနာတစ်ခုဖြစ်ပြီး ယခုအချိန်မှစ၍ ညီညီညွတ်ညွတ် မထိန်းသိမ်းနိုင်လျှင်ရွာပျက်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပေးသည်။

WY ခေါ် စိတ်ကြွဆေးတစ်ပြားလျှင်မြန်မာငွေကျပ် တစ်ထောင်၊ ၁၅၀၀ ကျပ်သာပေါက်ဈေးရှိနေသည့်အတွက် ကလေးနှစ်ဦးသုံးဦးပေါင်း၍ ကျောင်းမုန့်ဖိုးမှရသည့်ငွေများဖြင့် ဝယ်ရှူနေကြကြောင်း ရွာသားအချို့က ပြောပြသည်။

မြိတ်ကျွန်းစု ဒေသတွင်းရှိမြန်မာ ရွာများသာမက ဆလုံတိုင်းရင်းသားများ နေထိုင်သည့်ကျွန်းများသို့လည်းမူးယစ် ဆေးဝါးက တဖြည်းဖြည်းဝင်ရောက် လာနေပြီဖြစ်ကြောင်း မကြုံဂလက်ကျေး ရွာနေ ဆလုံတိုင်းရင်းသားအရေးလှုပ်ရှားသူ ဦးခင်မောင်ထွေးက ဆိုသည်။

“ကြိုတင်ကြံစည်မှုအနေနဲ့မျိုးဆက် လေးတွေကို ဖြတ်ချနေတာလား။ လူငယ် တော်တော်များများက ဒီမူးယစ်ဆေးဝါးထဲမှာ ခြေကျွံနေကြပြီ”ဟု ဦးခင်မောင်ထွေးက ပြောသည်။

မြိတ်ကျွန်းစုရေပြင်တွင် ICE ခေါ် မူးယစ်ဆေးများ၊ WY ခေါ်စိတ်ကြွဆေးပြားများနှင့် ဘိန်းစာမုန့်များ မျောပါနေသည်ကို မကြာခဏ တွေ့ရှိလေ့ရှိသည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ လွန်းကျင်းတွင် ဆိုက်ကပ်ထားသည့် လှေတစ်စီးပေါ်တွင်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမေရိကန်ဒေါ်လာသန်း၂၀တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများကို မြိတ်ခရိုင်အတွင်း နေ့စဉ်စုံစမ်းဖမ်းဆီးနေပြီး မူးယစ်ဆေးအရေအတွက်အများစုသည် ရခိုင်ကမ်းရိုးတန်းဘက်မှ ဝင်ရောက်လာနေသည်ဟု ခန့်မှန်းရကြောင်းမြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက မှတ်ချက်ပေးသည်။

“ဒါကိုနှိမ်နင်းဖို့က အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာများသည် ရေလမ်းခရီးကို အဓိကအသုံးပြုပြီး သွားလာရသည့်အတွက် သွားလာရေး ခက်ခဲခြင်း၊ ရဲတပ်ဖွဲ့များတွင် လိုအပ်သည့် စက်ယန္တရားပြည့်စုံမှုမရှိခြင်း၊ သတင်းရ သည့်အချိန်နှင့်ရောက်ရှိသည့်အချိန် ကွာဟမှုများရှိနေခြင်းကြောင့် မူးယစ်ဆေး နှိမ်နင်းရာတွင် အားနည်းလျက်ရှိနေကြောင်း မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပြသည်။

လက်ရှိမြိတ်ခရိုင် အကျဉ်းထောင်အတွင်းမူးယစ်ဆေးဝါးအမှုဖြင့်အကျဉ်းကျနေသူ ၇၀ ရာခိုင်နှုန်း ရှိနေကြောင်း၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော်နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်လူ့အခွင့်ရေးဆိုင်ရာကော်မတီသည် ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်အတွင်းသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။ ဖျာပုံ နှင့်မြိတ်ဒေသရှိ ရေလုပ်သားများ၏အသံကို နားထောင်ပြီးလာမည့်လွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ် ကြောင်းယင်းအဖွဲ့၏ အတွင်းရေးမှူး ဆလိုင်းမျိုးထိုက်က ဆိုသည်။

Dawei Watch