ကျိုက်မရောရှိ ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ပြုပြင်မွမ်းမံမည်

0
986

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ သဘာ၀ထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ် သည့် ခရုံဂူကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မော်လမြိုင်ဌာနခွဲ)ထံမှ သိရသည်။

သဘာ၀ထုံးကျောက်လိုဏ်ဂူအမျိုး အစားဖြစ်သည့် ခရုံဂူကို ၁၉၇၅ ခုနှစ် မှစကာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာနတို့က ထိန်းသိမ်းထားသည်။
နှစ်ကာလကြာမြင့်လာပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသောကြောင့် ခရုံဂူအတွင်းရှိ ရှေးဟောင်းဘုရားဆင်းတု တော်များ ပျက်စီးယိုယွင်းလာနေသည့် အပြင် ဂူအတွင်း အပြင်ဝန်းကျင်တွင်လည်း သန့်ရှင်းမှုမရှိကြောင်း ဒေသခံနှင့် ဂေါပကအဖွဲ့တို့ထံမှ သိရသည်။

“ဂူရဲ့ သဘာ၀အရ လင်းနို့တွေ ခိုအောင်းမယ်။ စွတ်စိုထိုင်းမှိုင်းမှုတွေ ရှိမယ်ဆိုတဲ့အတွက်ကြောင့် ဆင်းတုတော်တွေမှာ ချေးညှော်ကပ်ငြိမှုတွေများလာ တဲ့အတွက်ကြောင့် ကြည်ညိုဖွယ်အဆင်း ဖြစ်အောင် ပြန်လည်ပြုပြင်မွမ်းမံရမယ့် အနေအထားမျိုး ရှိပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဟန်က ပြောသည်။

ကျိုက်မရောမြို့နယ် ကျုံဝမ်းကျေးရွာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပညိန္ဒ ဦးဆောင်ပြီး နေပြည်တော် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ရောင်တော်ဖွင့် ခြင်း၊ ဂူအတွင်း သန့်ရှင်းခြင်းနှင့် ရုပ်ပွား တော်များ၏ သင်္ကန်းကို သင့်ရာဆေးသုတ် လိမ်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ထိ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ခွင့် ရှိသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းပြီး နဂိုမူလလက်ရာ ထိခိုက်မှု မရှိစေဘဲ ပြန်လည်ပြုပြင်သွားမည်ဖြစ် သည်ဟု အထက်ပါဌာနမှ သိရသည်။

“အရင်ဆုံး သန့်ရှင်းရေးနဲ့ယိုယွင်း နေတဲ့အပိုင်းလေးတွေကို အရင်ဆုံးပြုပြင် ဖာထေးသွားဖို့ ရှိပါတယ်။ ပြီးမှပဲ ရောင်တော်ဖွင့်မယ့် အပိုင်းကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ဂူပြုပြင်မွမ်းမံမှုကို ဦးဆောင်လုပ်ဆောင်သွားမည့် ဦးသန်းထိုက်က ပြောသည်။

ခရုံဂူသည် ကျိုက်မရောမြို့နယ်အတွင်း ခရုံရွာ၊ လက်ပံရွာ၊ ဓမ္မသတ်ရွာနှင့် တရနာရွာ စသည့်ရွာတို့၏ အလယ်တွင် တည်ရှိနေသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီး ဌာနက ထိန်းသိမ်းထားသည့် ခရုံဂူသည် ယခင်က နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှု များပြားသော်လည်း ယခုနောက်ပိုင်းတွင် ဂူအတွင်း ပျက်စီးယိုယွင်းလာခြင်းနှင့် သန့်ရှင်းမှုမရှိခြင်းကြောင့် နိုင်ငံခြားဧည့်သည်လာရောက်မှု နည်းပါးသွားသည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

ခရုံဂူသည် သဘာ၀ထုံးကျောက်လှိုဏ်ဂူတစ်ခုဖြစ်ပြီး ဂူအတွင်း၌ ညောင်ရမ်းခေတ် အေဒီ (၁၇) ရာစုက ဆင်းတုတော်များ ဂူနံရံပေါ်တွင် ကပ်လှူပူဇော်ထားသည့် အုတ်ခွက်ဘုရားများ တည်ရှိသည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ခရုံဂူအပြင် ဖားဘောင်ဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာ၀ထုံးကျောက် လိုဏ်ဂူအများအပြား တည်ရှိပြီး လိုဏ်ဂူများအတွင်း၌ ရှေးဟောင်း အုတ်ခွတ်ရုပ် ပွားတော်များ ဆင်းတုတော်များလည်း တည်ရှိသည်။

Dawei Watch