ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

0
1246
ဓာတ်ပုံ - ကိုဇော်

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။

ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကမ်းနားဈေးကိစ္စကို ပြည်သူများအကြားတွင် မရှင်းမလင်းဖြစ်နေပြီး သံသယဝင်နေကြသည့်အတွက် ယင်းကဲ့သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ဈေးရောင်းချချိန်ကို နံနက် ၂ နာရီ မှ ည ၇ နာရီအထိ ရောင်းချခွင့်ပြုရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ယခင်က ဈေးရောင်းချချိန်ကို နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိသာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောဆို ထားသည်။

ဈေးကွက်၏ သဘောတရားကို ရုံးလုပ်ငန်းကဲ့သို့ ကန့်သတ်၍မရဘဲ ရောင်းသူဝယ်သူ လိုအပ်ချက်အတိုင်းသာ ဖြစ်ပေါ်နေသည့်အတွက် ဈေးရောင်းချချိန်ကို ပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

ထို့အပြင် ဈေးရုံအတွင်း လုံခြုံရေး အတွက် မီးသီး ၁ လုံးသာ တပ်ဆင်ထားရာမှ ၄ လုံးအထိ တိုးမြှင့်တပ်ဆင်ရန်နှင့် လိုအပ်ပါက ယင်းပမာဏထက် ပိုမိုတပ်ဆင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ထို့အတွက် ကုန်ကျစရိတ်ကို အစိုးရက ကျခံမည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဆိုင်ရှင်များ လျှပ်စစ် မီးသီးတပ်ဆင်လိုပါက တပ်ဆင်နိုင်ရန် ဈေးကော်မတီနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

“ဆိုင်ရှင်တွေက မီးလိုချင်တယ် ဆိုရင် မီးလိုချင်တဲ့ ပမာဏအပေါ်မှာ မူတည်ပြီးတော့ တပ်ဆင်ရေးအစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်သွားမယ်။ အခု မဆုံးဖြတ်သေးဘူး”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်တင်ကားများက ည ၁၁ နာရီခန့်တွင် ကမ်းနားဈေးသို့ ရောက်ရှိ ပြီး နယ်ဘက်မှ ဈေးဝယ်ကားများက ည ၁၂ နာရီခန့်တွင် ရောက်လာလေ့ရှိ သည့်အတွက် ယင်းကဲ့သို့ အချိန်ကန့်သတ်လိုက်ခြင်းကြောင့် အဆင်ပြေမည် မဟုတ်ကြောင်း ကမ်းနားဈေးတွင် ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချနေသည့် အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။


“မနက်နှစ်နာရီမှ ဖွင့်မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကမ်းနားဈေးရုံအသစ်တွင် ထည့်သွင်းတည်ဆောက်ထားသည့် ဈေးခုံများ၏ အနေအထားကြောင့် ဈေးရောင်းချ သူကအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ဈေးခုံတစ်ခုလျှင် ရောင်းချသူချင်း ကျောချင်းကပ်ရောင်းချရန် စီစဉ်ထားမှုက ဈေးရောင်းချရန် အဆင်မပြေကြောင်း ပြောဆိုကြသည်။

ကမ်းနားဈေးတွင် ယခင်ပျံကျဈေး ရုံအတွင်း ရောင်းချနေသည့် ပျံကျဈေးသည် ၄၈၃ ဦးနှင့် ဈေးရုံအပြင်ဘက်တွင် ရောင်းချသူ ၃၀၀ ဦး ခန့်ရှိကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စာရင်း များအရ သိရသည်။

လက်ရှိတွင် ဈေးဆိုင်ခန်းများကို ယခင်ပုံစံနှင့် အနီးစပ်ဆုံးဖြစ်စေရန် နေရာချထားပြီးဖြစ်သည်ဟု စည်ပင်ကော်မတီမှတစ်ဆင့် သိရကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။

ဈေးဆိုင်ခန်းနေရာချပေးမည်ဟု နှစ်ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဆိုင်ခန်းနေရာမရသေးကြောင်း ယခင်ဈေးရုံအဟောင်းအပြင် ဘက်တွင် ဟင်းသီးဟင်းရွက်ရောင်းချနေသည့် အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအပါအဝင် ဈေးရုံအပြင်ဘက်တွင် ရောင်းချသူအများစုလည်း ဈေးဆိုင်ခန်းမရသေးကြောင်း အထက်ပါ အမျိုးသမီးက ဇန်နဝါရီလ ၂၄ ရက်တွင် ဆိုသည်။

ကမ်းနားဈေး ပျံကျနေရာတွင်ခေါင်မိုး ၈၀ ပေ၊ ၄၄ ပေ အကျယ်ရှိ ဈေးရုံနှစ်ရုံ၊ ၈၀ ပေ၊ ၂၄ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံနှင့် ၁၆၀ ပေ၊ ၁၀၀ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံကို ဆောက်လုပ်ထားသည်။

အဆိုပါ ဈေးရုံလေးရုံကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဘတ်ဂျက်ဖြင့် ငွေကျပ် ၃၁၄၆ သိန်းကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဈေးရုံအသစ် တည်ဆောက်နေစဉ် ကာလတွင် ပျံကျဈေးသည်များကို ဆိပ်ကမ်းသာပန်းခြံနှင့် ထားဝယ်မြစ်ဘေး၌ ယာယီရောင်းချခွင့် ပြုထားသည်။

Dawei Watch