တိုင်းရင်းသားပါတီများ မဟာမိတ် တပ်ပေါင်းစုတစ်ခုတည်းဖြစ်ရေး ကြိုးပမ်းမည်

0
584

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအတွက် မဟာမိတ်တပ်ပေါင်းစုတစ်ခု တည်းဖြစ်ရေးကို ကြိုးပမ်းသွားမည်ဟု ပြည်နယ် ၅ ခုက ပေါင်းစည်း တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တို့က ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၅ ပါတီ ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၂ ပါတီပါဝင်သည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBFဆိုပြီး တိုင်းရင်းသားပါတီများ မဟာမိတ် တပ်ပေါင်းစု ၂ ခု ဖြစ်နေသည်။

တိုင်းရင်းသားပါတီများအကြား မဟာမိတ်တပ်ပေါင်းစု ၂ ခု ဖြစ်နေ သည့်အချက်သည် တိုင်းရင်းသားပါတီ များအတွက် အဓိက အားနည်းချက်ဖြစ် သည်ဟု ကချင်၊ ချင်း၊ ကယား၊ ကရင် နှင့် မွန် စသည့် ပြည်နယ် ၅ ခုတို့မှ ပေါင်းစည်းနိုင်ငံရေးပါတီ ၅ ခုတို့က UNA နှင့် NBF မဟာမိတ်တပ်ပေါင်းစု ၂ ခု ပေါင်းစည်းရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

“လာမယ့် လွှတ်တော်တွေမှာ ကျွန်တော်တို့က အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရှိနေမှသာ အခြားသော ပါတီတွေက ကျွန်တော်တို့ကို အသိအမှတ်ပြုလာမယ်။ စကားပြောလာ မယ်။ ညှိနှိုင်းလာမယ်ဆိုတော့ အဲလို တိုင်းရင်းသားကိုယ်စားလှယ်တွေ ၂၀ ရာခိုင်နှုန်းပြည့်လာဖို့ဆိုတာ ကျွန်တော် တို့ တိုင်းရင်းသားထဲမှာ တစ်ခုတည်း သော တပ်ပေါင်းစုရှိဖို့ လိုအပ်တယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။

ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားပါတီ ၅ ပါတီတို့သည် ကြားအင်အားတစ်ခု အနေနှင့် ချိတ်ဆက်ကြပြီး တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်း ဖြစ် တည်ရေးအတွက် ဆွေးနွေးအဖြေရှာလျက် ရှိသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅ ပါတီ တို့အနေနှင့် ရှိပြီးသား UNA နှင့် NBF မဟာမိတ်တပ်ပေါင်းစု ၂ ခု ပေါင်းစည်း ရန်အတွက်သာ ကြိုးပမ်းနေကြခြင်း ဖြစ်ပြီး မဟာမိတ်တပ်ပေါင်းစု ၃ ခု ဖြစ်လာအောင် ကြိုးပမ်းမည်မဟုတ် ကြောင်း ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

တိုင်းရင်းသားပါတီများအတွက် မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်းဖြစ် ရေးကို ကြိုးပမ်းနေကြသည့် ပါတီ ၅ ခုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ KNDP၊ ကယားပြည်နယ်တိုးတက် ရေးပါတီ KSDP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ CNLD နှင့် မွန်ညီညွတ်ရေးပါတီ MUP တို့ ဖြစ်သည်။

ယဉ်စနိုင်း