ထားဝယ်တွင် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု စစ်တမ်းကောက်

0
496

နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီ အစဉ်အရ ကောက်ယူလေ့ရှိသည့် တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှု ရှိ/မရှိ စစ်တမ်းကို ထားဝယ်မြို့နယ် တရားရုံးနှင့် ထားဝယ်ခရိုင်တရားရုံး တို့တွင် ဇန်နဝါရီလ ၁၀ ရက်(တစ်ရက် တာ) အတွင်း ယင်းတရားရုံးကို လာရောက်သူများထံတွင် ကောက်ခံခဲ့သည်။

တရားရုံးကို လာရောက်သူများတွင် ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ သက်သေ၊ အမှုသည်များ၊ တရားရံးဝန်ထမ်း၊ အခြား ကိစ္စ တစ်ခုခုဖြင့် တရားကိုလာရောက်သူများ အားလုံးပါဝင်ကြောင်း ယင်း စစ်တမ်းမေးခွန်းလွှာတွင် ဖော်ပြထားသည်။

တရားရုံးစစ်တမ်းမေးခွန်းလွှာတွင် ပါဝင်သည့် ဖြေဆိုရမည့်အချက်များမှာ တရာရုံးကို လာရောက်ရန် လွယ်ကူသည်၊ တရားရုံးတွင် လုံခြုံသည်၊ တရားရုံးတွင် သတင်းအချက်အလက်တွေကို အလွယ် တကူရရှိသည်၊ အမှုစစ်တရားသူကြီးများသည် မျှတသိမ်မွေ့စွာ အမှုများကို ကြားနာပါသည် စသည့်အချက်များ ပါဝင်သည်။

ယင်းအပြင် တရားရုံးနှင့် ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းများ၊ အမှုကိစ္စ များကို လျင်မြန်စွာ ထိထိရောက်ရောက် လုပ်ဆောင်ပေးသည်။ အခမဲ့ တရားရေး ဆိုင်ရာ အကူအညီရဖူးခြင်း ရှိ/မရှိ၊ တရားသူကြီးအပါအဝင် တရားရုံး ဝန်ထမ်းများကို တိုက်ရိုက်လာဘ်ငွေ ပေးရခြင်း ရှိ/မရှိ၊ အကြံပြုချက် စသည် တို့လည်း ပါဝင်သည်။

ယင်းအချက်များကို သဘောတူသည်၊ မတူပါ၊ မသက်ဆိုင်ပါ၊ မည်သို့မျှ မယူဆတတ်ပါ စသည့် အဖြေများကို ရွေးချယ် ဖြေဆိုရမည်ဖြစ်ပြီး အလုပ်သင် ရှေ့နေများက ယင်းစစ်တမ်းကို ကောက်ယူ ပေးနေခြင်း ဖြစ်သည်။

ပြည်သူများနှင့် အမှုသည်များသည် တရားရုံးဝန်ဆောင်မှုအပေါ် စိတ်ကျေနပ် မှုရှိ၊ မရှိကို တိုင်းတာနိုင်ရန်အတွက် ယင်းစစ်တမ်းကို ကောက်ယူခြင်းဖြစ် ကြောင်း ထားဝယ်ခရိုင်တရားရုံးမှ ခရိုင် တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ပြောသည်။

တရားရုံးများတွင် အမှုမပြီးပြတ် သေးသည့် အမှုသည်များထံတွင် တရားရုံးလွှမ်းမိုးမှုမကင်းသူများ က ကောက်ယူ သည့် အချက်အလက်များသည် အားကိုး ရလောက်သည့် အချက်အလက်များ ဖြစ်မလာနိုင်ကြောင်း Dawei Probono Lawyer Network မှ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးမွန်သူက ပြောသည်။

“တရားရုံးနဲ့ တနည်းနည်းဖြင့် ပတ်သက်ပြီး လွှမ်းမိုးမှုရှိတဲ့လူတွေကနေပြီးကောက်တဲ့ အချက်အလက်အပေါ် မှာတော့ တွေးစရာတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်းစစ်တမ်းကို ၂၀၁၈ ခုနှစ်မှ စပြီး နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှု အစီ အစဉ်တွင်ပါဝင်သည့် အထက်ပါ တရားရုံးနှစ်ခုတွင် စတင်ကောက်ခံနေ ခြင်းဖြစ်ပြီး ယခုကောက်ခံနေသည့် စစ်တမ်းမှာ တတိယအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ကောက်ခံခဲ့သည့် အချက်အလက်များ တွင် တရားရုံးအပေါ် ပြည်သူလူထု စိတ် ကျေနပ်မှု ရာခိုင်နှုန်းသည် ငါးဆယ် ရာနှုန်းကျော်ရှိနေသည်ကို တွေ့ရပြီး ယင်းအချက်အလက်များသည် အားကိုးရ သည့် အချက်အလက်များ ဖြစ်လာမည် မဟုတ်ကြောင်း ဒေါ်အေးမွန်သူက ပြောသည်။

ကျော်သူစိုး