“လ”ငပုပ်ဖမ်းချိန် သံပုံးတီးကြသေးလား

0
284
ကြော်ငြာဝန်ဆောင်မှု

နေရောင်ကွယ်ပျောက်ပြီး အမှောင် ထုက တစ်စစ ကြီးစိုးလာသည်။ မောင် စိုးမင်းတို့ ကလေးတစ်သိုက် အိမ်ရှေ့က သစ်တုံးကြီးပေါ်ထိုင်ရင်း တောင်တန်း ကြီးနောက်မှ ပေါ်ထွက်လာမည့် တစ်စုံ တစ်ရာကို လှမ်းမျှော်နေကြသည်။

သူတို့ မျှော်တလင့်လင့်ဖြစ်နေသည် က သဘာ၀မီးအိမ်ကြီး တစ်လုံးဖြစ်သည့် ဖိုးလမင်း။

သိပ်မကြာ တောင်တန်းကြားမှ လရောင်က တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

လရောင်ကိုမြင်လိုက်သည်နှင့်”ဟေး” ကနဲ အော်ဟစ်လိုက်ကြသည်။ ပြီးတော့ အိမ်နံဘေးရှိ လယ်ကွက်ရှိရာသို့ ခြေကုန် သုတ်ကြသည်။

သူတို့ရောက်ရှိပြီး သိပ်မကြာ မိန်းကလေးများကလည်း သူ့အုပ်စုနှင့် သူအလျှိုလျှို စုဝေးရောက်ရှိလာကြသည်။

“လယ်ထဲရောက်ရင်တော့ ထုပ်ဆီး ထိုးမယ်၊ ဒီတုတ်မယ်၊ တစ်ခါတလေ ဘောလုံးလည်း ကန်လိုက်ကြသေးတယ်။ ကစားနည်းကတော့ မျိုးစုံပဲ။ ပျော်စရာ ကြီး”ဟု ယခုအခါ အသက် ၅၂ နှစ်ရှိနေ ပြီဖြစ်သည့် မြိတ်မြို့နယ်၊ တုံးဗျောကျေး ရွာသား ဦးစိုးမင်းက ပြောပြသည်။

ဦးစိုးမင်းတို့ခေတ်က ရွာမပြောနဲ့ မြို့ပေါ်မှာတောင် လျှပ်စစ်မီးက အစိုးရ အရာရှိအိမ်များနှင့် ချမ်းသာသည့်ရပ်ကွက် တချို့သာ ရရှိသေးသည့်အချိန်။ ဒီတော့ အားကိုးစရာက သဘာ၀ကပေးသည့် လရောင်သာ။

ကလေးတစ်သိုက် လရောင်အောက် တွင် လွတ်လပ်စွာ ကစားကြသည်က ချွေးတစ်လုံးလုံး။

“ည ၈ နာရီလောက်က စပြီးကစားတာ တစ်ခါတလေ ည ၁၂ နာရီတောင် ထိုးသွားတဲ့ညတွေ ရှိတယ်”ဟု ဦးစိုးမင်း က ပြောပြသည်။

သည်လို ကစားနည်းမျိုးစုံနှင့်ကစားလို့ကောင်းတုန်း တစ်ခါတစ်ရံ တိမ်မဲ ညိုတစ်အုပ်က လကို ဖုံးအုပ်လိုက်ကြ သည့်အချိန်များ ရှိသည်။ ၎င်းကို မြိတ် ဒေသခံများက လငပုပ်ဖမ်းသည်ဟု ခေါ်ကြသည်။

လငပုပ်ဖမ်းလျှင် ကလေးများက အိမ်တွင်းပြေးဝင်ကာ တွေ့သည့်ပုံးများ ပြေးယူကာ တီးကြသည်။ ပါးစပ်က လည်း လွှတ်ပေး လွှတ်ပေးဟု အသံကုန် အော်ဟစ်ကြသည်။ ကလေးများတင် မဟုတ် အိမ်တွင်းနေသည့် လူကြီးများက လည်း ကလေးတွေနဲ့ အပြိုင်။ တိမ်ဖုံး သည့်အောက်မှ လရောင်မပေါ်မချင်း အော်ကြဟစ်ကြ တီးကြနဲ့ ပျော်စရာ။ ဒီကြားထဲခွေးတွေကလည်း ဆွဲဆွဲငင်ငင် ဖြင့် လူတွေနှင့်အပြိုင်။

“လူကြီးတွေက ဒီအချိန်ဆို အသီး မသီးတဲ့ သစ်ပင်တွေကို သွားရိုက်သလို စကားမပြောတဲ့ မွေးရာပါ “အ”နေတဲ့ ကလေးတွေကိုလည်း နောက်ကျောကို ထုကြတယ်။ အသီးပြန်သီးလာမယ်။ စကားပြောလာနိုင်မယ်လို့ အယူရှိကြတယ်”ဟု မြိတ်မြို့နယ်၊ တောင်ရှည် ကျေးရွာနေ အသက် ၆၂ နှစ်ရှိ ဦးခင် မောင်သန်းက ပြောပြသည်။

ယင်းသို့အယူရှိကြသလို လငပုပ် ဖမ်းချိန် လ၏အမေသည် သူ့သားလွတ် မြောက်ရေးအတွက် လူ့ပြည်သို့ဆင်းကာ လူများနေထိုင်သည့် ရပ်ကွက် လမ်းကြို လမ်းကြားမကျန် လိုက်လံအကူအညီ တောင်းသည်ဟု အဖိုးအဖွားများ ပြောပြ ဖူးကြောင်း အသက် ၅၀ နှစ်ကျော်ခန့်ရှိ သည့် မြိတ်မြို့၊ဇေယျသီရိ ၄ ရပ်ကွက်နေ ဒေါ်မြစိန်က ဆိုသည်။

“အဲဒီအချိန်ဆို နေအိမ်ကြမ်းကြားမှာ ရှပ်ထားတဲ့ ဓားတွေ နုတ်ပေးရတယ်။ သူမှာဓားရှမှာစိုးလို့။ ပြီးတော့ အိမ်ကြား ကိုလည်း ရေမလောင်းချရဘူးလို့ အဖိုး အဖွားတွေ ပြောတယ်။ ဟုတ်မဟုတ်တော့ မသိဘူး”ဟု ၎င်းက ပြောသည်။

“လ” ပြန်လွတ်ရန် သံပုံးအိုးခွက် တီးကာ ငယ်စဉ်ကအော်ခဲ့ဖူးသော်လည်း ယခုအခါ မတွေ့ရတော့ဟု ၎င်းက ဆိုသည်။

“လ”ကို ခွေးပုပ်က မျိုထားသည့် အတွက် အသနားခံပြီး လွှတ်ပါ လွှတ်ပါ ဟု ငယ်ငယ်ကအော်ခဲ့ဖူးကြောင်း မြိတ်မြို့၊ ဇေယျသီရိရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးကလည်း သူမမှတ်မိသည်ကို ပြန်ပြောင်း ပြောပြသည်။

“မျိုပြီးတော့ ခေါင်းက(အပေါ်)ကလွှတ်ရင် စီးပွားဥစ္စာတိုးပွားတယ်လို့ အယူရှိပြီး အောက်ဘက်က ပြန်လွှတ်တယ် ဆိုရင်တော့ ရပ်ရွာမှာ စီးပွားရေး လုပ်စားလို့ အဆင်မပြေဘူးလို့ ရှေးလူကြီး တွေပြောတာ ကြားဖူးတယ်”ဟု တုံးဗျော ရွာသား ဦးစိုးမင်းက ပြောပြသည်။

သို့သော် လက်ရှိအချိန်မှာတော့ မြို့ရောရွာတစ်ချို့တွင်ပါ ဆိုလာမီး၊ လျှပ်စစ်မီးများ ရရှိလာကြပြီဖြစ်သည့် အတွက် လရောင်ကို ကလေးတချို့ သိပ်မမျှော်လင့်ကြတော့သလို လသာချိန် ကစားကြသည့် အလေ့အထများသည် လည်း တိမ်မြုပ်ပျောက်ကွယ် လာနေပြီ ဖြစ်ကြောင်း

မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာ နေ အသက် ၃၅ နှစ်ရှိ ကိုဆန်းဝင်းက ဆိုသည်။

“ခုခေတ်ကလေးတွေက ကစားဖို့ အချိန်မရှိတော့ဘူး။ ကျောင်းပြီးရင် ကျူရှင် ပြေးလိုက် တီဗွီကြည့်လိုက်၊ ဖုန်းပွတ် လိုက်နဲ့ လငပုပ်ဖမ်းတယ်ဆိုတာ ဘာမှန်းတောင် မသိကြတော့ဘူး”ဟု ၎င်းက ပြောသည်။

သို့သော်လည်း လငပုပ်ဖမ်းသည် ကို သံပုံးတီးတာကြားဖူးကြောင်း အသက် ၁၄ နှစ်အရွယ်ရှိ မြိတ်မြို့၊ရာပြည့်ရပ်နေ မောင်ချစ်ကြီးက ပြောသည်။

“ဘာကြောင့် တီးတာမသိဘူး။ အမေက အဲလို သံပုံးနဲ့ တီးပေးပြီး လွှတ်ပေး လွှတ်ပေးလို့ အော်ပေးရင် လငပုပ်ဖမ်း တာ ပြန်လွှတ်ပေးတာလို့တော့ ပြောတာ”ဟု ၎င်းက ပြောသည်။

ခုချိန်မှာတော့ တောရောမြို့ပါ လျှပ်စစ်မီးတွေ ရောက်သင့်သလောက် ရောက်နေကြပြီဖြစ်၍ လ၏သဘာ၀ အလင်းရောင်ကို ခံစားကြသူတွေ၊ လရောင်ကိုမျှော်ပြီး ကစားရန်စောင့်နေ ကြမည့် ကလေးတွေ တဖြည်းဖြည်း နည်းပါးလာနေပြီ ဖြစ်သည်။

အေးမြသည့် လရောင်နေရာတွင် လျှပ်စစ်နှင့်ဆိုလာမီးများ အစားထိုးလာ နေကြသလို မြန်မာ့ရိုးရာ ကစားခုန် ကစားကြသည့် နေရာကိုလည်း တီဗွီ စမတ်ဖုန်း စသည့် ဖျော်ဖြေရေးများ၏ အစားထိုး ဝင်ရောက်လာမှုကလည်း တောမြို့မခွဲ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန်တော့။

လသာချိန် ကစားသည့်အလေ့အထ များ လငပုပ်ဖမ်းသည်ကိုလည်း ခုခေတ် ကလေးများအနေဖြင့် သိသူ သိပ်မရှိကြ တော့။

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ်ရှိ မကေသီစိုးကမူ တစ်ခါတစ်ရံ အတိတ်ကို တမ်းတကြောင်း ဖွင့်ဟသည်။

“မီးပျက်တဲ့အချိန်ဆို လရောင်လေး ကို အရမ်းတမ်းတတယ်။ ငယ်ငယ်တုန်းက ကစားကြတာတွေ သံပုံးတီးကြတာ တွေလည်း လွမ်းတယ်”

ကိုဆန်း၊ မြင့်မိုရ်