ဘီးလင်းမြစ်ရေတွင် ရေနေသတ္တဝါများ အသက်မရှင်နိုင်

0
559

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်း မြစ်ရေထဲ ရေနေသတ္တဝါများ အသက် မရှင်နိုင်ဘဲ သုံးစွဲမိလျှင်လည်း အဆိပ်သင့် ပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာအေးအေးချိုက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်က ဘီးလင်းမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘီးလင်းမြို့ နယ်၏ ရေမြေသဘာ၀နှင့် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွင် “ဘီးလင်းမြစ်အလယ် ပိုင်းနှင့် မြစ်ဖျားပိုင်းရှိ ရေအရည်အသွေး များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာခြင်း စာတမ်း” ခေါင်းစဉ်ဖြင့် ဘီးလင်းမြစ်ရေ အခြေအနေ လေ့လာတွေ့ရှိချက်များကို ဒေါက်တာအေးအေးချိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“(ဘီးလင်းမြစ်ရေထဲ) အောက်ဆီ ဂျင်ပျော်ဝင်မှုတွေဟာ အများကြီးနည်းနေတဲ့အတွက်ကြောင့်မို့ ရေနေသတ္တဝါ တွေ အသက် မရှင်သန်နိုင်ပါဘူး။ သံဓာတ်၊ ခဲဓာတ်၊ မဂ္ဂနီစီယံဓာတ်၊ စိန်ဓာတ်တွေ ပါဝင်တဲ့အတွက် ဒီရေကို သုံးစွဲမယ်ဆိုရင် အဆိပ်သင့်ပြီးတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာအေးအေးချိုက ပြောသည်။

၎င်းအပြင် ဘီးလင်းမြစ်၏ မြစ်ဖျား ပိုင်းနှင့် မြစ်လယ်ပိုင်းကို ယှဉ်ကြည့်သည့် အခါတွင် မြစ်ဖျားပိုင်းတွင် စိန်ဓာတ်၊ မဂ္ဂနီစီယံဓာတ်၊ အလူမီနီယံဓာတ်၊ ဖော့ကားနှင့် သံဖြူဓာတ်တို့ ပိုများသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဘီးလင်းမြစ် အထက်ပိုင်းက နှစ် ပေါင်းများစွာ ရွှေတူးဖော်မှုလုပ်ကွက်များ ၏ နောက်ဆက်တွဲရလဒ်အဖြစ် ယခု အခါ ဘီးလင်းမြစ်ရေ၏ ရေအရည်အသွေး သည် သောက်သုံးပြုရန်အတွက်သာမက စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါ အသုံး ပြုရန် မသင့်လျော်တော့သည့်အနေ အထားရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

“ဘီးလင်းမြစ်တစ်လျှောက်မှာဆို ရင် ရွာတွေ အများကြီးရှိတယ်။ ဘီးလင်း မြစ်ကို အမှီပြုပြီးတော့ စိုက်ပျိုးရေးလုပ် ကြတယ်။ ငါးရှာကြတယ်။ ဘီးလင်း မြစ်ရေကိုပဲ သုံးကြတယ်။ အခုဆိုရင် အတော်လေး ဒုက္ခရောက်ကြတယ် အဓိက စိုက်ပျိုးရေးအတွက် အဆင်မပြေကြ တော့ဘူး။ ဒီပြဿနာကို အမြန်ဖြေရှင်း သင့်တယ်”ဟု ဘီးလင်းဒေသခံ ဦးခင်မောင်က ပြောသည်။

ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကလည်း ဘီးလင်း မြစ် အထက်ပိုင်း ရွှေတူးဖော်လုပ်ကွက် များကြောင့် ယခုအခါ ဘီးလင်းမြစ်သည် အဆိပ်သင့်ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများလည်း ထိခိုက် နစ်နာစေခဲ့သည်ဟု ပြောသည်။

မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာစစ်ဆေးမှု အရ ဘီးလင်းမြစ်ရေသည် PH Level မှာ အချဉ်ဓာတ်များနေသဖြင့် သောက်သုံးမိပါက ဝမ်းရောဂါများဖြစ်ပွားနိုင်ကြောင်း၊ Arsenic ဓာတ်ပါဝင်မှုများနေ သဖြင့် ကြာရှည်သုံးစွဲပါက အရေပြားကင်ဆာ ဆီးအိမ်ကင်ဆာ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများဖြစ်ပွားနိုင်ကြောင်းနှင့် အသုံးပြုပါက အန္တရာယ်ရှိနေကြောင်းကို စစ်ဆေးတွေ့ရှိထားပြီး သောက်သုံးမှုမပြုရန်၊ သောက်သုံးမိပါက အန္တရာယ်ရှိသည် ဆိုသည့် အကြောင်းကိုလည်း အများ ပြည်သူသိရှိအောင် အသိပေးဆောင်ရွက် ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောခဲ့သည်။

ဘီးလင်းမြစ် တိမ်ကောလာမှုနှင့် ပျက်စီးလာမှုကြောင့်လည်း ဘီးလင်းမြို့ ပေါ်ရပ်ကွက်/ကျေးရွာအများစု ရေကြီး နစ်မြုပ်မှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနောက်ပိုင်းတွင် အခြေအနေပိုဆိုး လာသည်ဟုလည်း ဒေသခံတို့၏ ပြောပြ ချက်အရ သိရသည်။

Dawei Watch