တိုင်းအတွင်းရှိ မြစ်ကြီးနှစ်သွယ် တူးရန်ပြင်

0
542

တနင်္သာရီတိုင်းအတွင်းရှိ အဓိက မြစ်ကြီးနှစ်သွယ်ကို တူးဖော်ရန် တိုင်း အစိုးရအဖွဲ့က ပြင်ဆင်နေသည်။

တိုင်းအတွင်းရှိ ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်ကို တူးဖော်ရန် ဖြစ်မြောက် နိုင်စွမ်းရှိ^မရှိ အကြိုစူးစမ်းလေ့လာမှု လုပ်ငန်းများဆောင်ရွက်ရန် ဇန်နဝါရီလ ၂ ရက်က ကုမ္ပဏီနှစ်ခုနှင့် သီးခြားစီ နားလည်မှုမှတ်တမ်းလက်မှတ်ရေးထိုးခဲ့သည်။

ထားဝယ်မြစ်ကြောင်းတစ်လျှောက် သင်္ဘောများ အန္တရာယ်ကင်းစွာ သွားလာ နိုင်ရန် ပိတ်ဆို့နေသည့် သဲသောင်များ ဖယ်ရှားရှင်းလင်းရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမည်ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါ လုပ်ငန်းအတွက် Trust & Loyalty Business Group Limited Myanmar ကုမ္ပဏီနှင့် လက်မှတ်ထိုးခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။

နှစ်စဉ်နီးပါး ရေကြီးရေလျှံလေ့ရှိ သည့် တနင်္သာရီမြစ်ရိုးတစ်လျှောက် သဲသောင်တူးခြင်းလုပ်ငန်းအတွက် ဖြစ် မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာရန် ကောင်းကင်ထိုက် ကုမ္ပဏီ နှင့် လက်မှတ်ထိုးခဲ့ကြောင်း ယင်းထုတ်ပြန် ချက်အရ သိရသည်။

အထက်ပါ မြစ်နှစ်စင်းရှိ သဲသောင် များ တူးဖော်ခြင်းနှင့် ပတ်သက်၍ တွေ့ရှိ ချက်များကို တိုင်းအစိုးရထံ ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ဆိုသည်။

“ဖြစ်မြောက်နိုင်စွမ်းရှိမယ်ဆိုရင်လည်း တင်ဒါခေါ်ပြီး လုပ်မှာပေါ့”ဟု ဦးအောင်သူရက ပြောသည်။

ထားဝယ်မြစ်အတွင်း သဲသောင်များ ဖယ်ရှားခြင်းလုပ်ငန်း ဖြစ်မြောက် နိုင်စွမ်းရှိ/ မရှိ အကြိုစူးစမ်းမှုဆောင်ရွက် ရာတွင် ဒေသခံများက စိုးရိမ်ပြီး ကန့်ကွက် မှုများရှိလာနိုင်သည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြောင်း တိုင်းအစိုးရ အဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းကြောင့် ကုမ္ပဏီမှ လုပ်ငန်း ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် ဆောင် ရွက်ပြီးပါက ရရှိမည့် အကျိုးကျေးဇူး များကို ပြည်သူလူထုထံ ရှင်းပြရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်ဦးမြင့်မောင် က ပြောကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်မြစ်အတွင်းရှိ သဲနုန်း သောင်များ တူးဖော်ကာ ရေလမ်းကြောင်း အဆင့်မြှင့်ရန် အစီအစဉ်ရှိ/မရှိကို ၂၀၁၆ ခုနှစ်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က မေးမြန်း ခဲ့ဖူးသည်။

ထားဝယ်မြစ်အတွင်း သဲနုန်းသောင်များတူးဖော်ပြီး ရေလမ်းကြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ် မိုးရာသီအကုန်တွင် ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဝန် ကြီးက ဖြေကြားခဲ့သည်။

သို့ရာတွင် တိုင်းအစိုးရက ကမ်းပါး ထိန်းနံရံ မရှိဘဲ သောင်တူးခြင်းမှာ မဖြစ် နိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက် ခြင်း ဆန်းစစ်မှု အစီရင်ခံစာ (EIA/SIA) ခွင့်ပြုချက်များ ဆောင်ရွက်ရန် လိုအပ်ခြင်း၊ မြို့ဧရိယာနှင့် နီးကပ်စွာ တည်ရှိခြင်း အစရှိသည့် အကြောင်းများ ကြောင့်ခွင့်မပြုဟု အကြောင်းပြန်ကြားခဲ့ သည်။

ဒေါက်တာလဲ့လဲ့မော် တနင်္သာရီ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်စဉ်က ယင်းကဲ့သို့ ပြန်ကြားခဲ့ခြင်း ဖြစ်သည်။

Dawei Watch