ဂျင်းခရုကောက်ခွင့်ရရေး ရွာသားလေးရာကျော် တောင်းဆိုမည်

0
1118

သဘာ၀ဂျင်းကုန်းတွင် ဂျင်းခရု ကောက်ခွင့်ရရန်အတွက် ရွာသား ၄၀၀ ကျော် လက်မှတ်ထိုး တောင်းဆိုမည် ကြောင်း ရေကန်တောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသားများထံမှ သိရ သည်။

ရေကန်တောင်ကျေးရွာအုပ်စုအတွင်း သဘာ၀ဂျင်းကုန်း သုံးခုရှိသည့်အနက် သဘာ၀ဂျင်းကုန်းတစ်ခုတွင် ရေအေးရွာသားများက အစုအဖွဲ့ပိုင် ပြုလုပ်ထား သည့်အပေါ် ကန့်ကွက်ကြောင်းနှင့် ယင်း နေရာတွင် ဂျင်းခရုကောက်ခွင့်ရရှိရေး ရေကန်တောင်ရွာသားများက တောင်းဆို ခဲ့ကြခြင်းဖြစ်ကြောင်း ရေကန်တောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေး က ပြောသည်။

ရေအေးဂျင်းကုန်းတွင် ယခင်က အနီးအနားရွာများမှ လာရောက်ကောက် ယူခဲ့ရာမှ ယခုအခါ ရေအေးရွာသားများ အစုအဖွဲ့ပိုင်အဖြစ် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရေကန်တောင်ရွာသားတွေက သဘာ၀အတိုင်း သားပေါက်ကုန်းဆိုပြီး ကောက်ယူချင် နေတာပေါ့”ဟု အထက် ပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပြသည်။

ရေအေးဂျင်းကုန်းအား သဘာ၀ သားပေါက်ကုန်းဟု ၂၀၁၈ ခုနှစ်ကတည်း က ကျွန်းစုမြို့နယ် အစိုးရဌာန တာဝန်ရှိသူ များက မြေပြင်သို့ လာရောက်တိုင်းတာကာ သတ်မှတ်ပြီးဖြစ်ကြောင်း ရေကန်တောင် ကျေးရွာ ရေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှဝေက ပြောပြသည်။

“ဒီနေရာမှာ ဘယ်သူမှ မွေးပိုင်ခွင့် မရှိဘူး။ အများနဲ့ဆိုင်တဲ့ သဘာ၀ သားပေါက်ကုန်းလို့ သတ်မှတ်ထားပြီး သားပါ”ဟု ၎င်းက ပြောသည်။

ရေကန်တောင်ရွာသားများမှ ဒီဇင်ဘာလ ၁၃ ရက်တွင် လက်မှတ်ထိုး၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျွန်းစု လွှတ်တော်ကိုယ်စားလှယ်ရုံး၊ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး၊ ကျွန်းစုထွေအုပ်ရုံး၊ ကျွန်းစုငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျွန်းစုမြေစာရင်းရုံးတို့အား တောင်းဆိုသည့်စာကို ယခုအပတ် အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ရေကန်တောင်ကျေးရွာ NLD ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးလှဝေက ပြောပြသည်။

ရေအေးဂျင်းကုန်းတွင် တစ်ရွာလုံး ၏ ထည့်ဝင်ငွေဖြင့် ဂျင်းမွေးမြူထား သည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစ၍ လုပ်ပိုင်ခွင့်တင်ထားကာ လက်ရှိအချိန်အထိ ခွင့်ပြုချက် ကျမလာ သေးကြောင်း ရေအေးကျေးရွာ တာဝန်ခံ ဦးသန်းခိုင်က ပြောသည်။

ရွာသားများ စုပေါင်း မွေးမြူထား သည့် ဧရိယာအတွင်း တစ်ခြားရွာများကို ပေးမကောက်သော်လည်း သဘာ၀သား ပေါက်ကုန်းအဖြစ် ထိန်းသိမ်းထားသည့် ဧရိယာအတွင်းတွင်မူ မည်သည့်ကျေးရွာ မဆို လာရောက်ကောက်ယူနိုင်ကြောင်း ၎င်းက ဆိုသည်။

ရွာသားတွေ ထည့်ပြီးမွေးထားတဲ့ နေရာမှာ တစ်ခြားရွာက လူတွေကို ပေးမကောက်ရဘူးလို့ သူတို့ကလည်း တောင်းဆို ထားကြတယ်”ဟု ဦးသန်းခိုင်က ပြောသည်။

အဆိုပါဂျင်းကုန်းတွင် ဝင်ရောက် ဂျင်းကောက်သည့် ရေကန်တောင်ရွာသား တစ်ဦးနှင့်ရေအေး ရွာသားတစ်ဦးတရား စွဲဆိုခံရပြီး ယခုနှစ် ဒီဇင်ဘာလ ၁၂ ရက် က ထောင်ဒဏ် ၁ နှစ်နှင့် ကျန်တစ်ဦး သည် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရကြောင်း ရေကန်တောင်ရွာသားများထံမှ သိရသည်။

ရေကန်တောင်ရွာတွင် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ယင်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၇၀ ကျော်ရှိ ရေအေးရွာအပါ အဝင် ရွာပေါင်း ၁၅ ရွာရှိကြောင်း ရေကန် တောင်အုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။

Dawei Watch