မီးဘေးသတိပေးစာစောင် တစ်ထောင်ဖြန့်မည်

0
404

မြိတ်တွင် မီးဘေးအန္တရာယ် သတိ ပညာပေးလက်ကမ်းစာစောင် တစ်ထောင် အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်က ပထမအကြိမ်အဖြစ် လက်ကမ်းစာစောင် ၅၀၀ ကို လူစည်ကားရာ ဆိပ်ငယ်ဈေးကြီး၊ ဘောတံတားနှင့် နောက်လယ်ဈေးတို့တွင် ဖြန့်ဝေပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စာစောင် ၅၀၀ ကို ထပ်မံဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

“ဆီဆိုင်တွေကို အဓိကထားပြီး ဖြန့်ဝေမှာပါ”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

လက်ကမ်းစာစောင်တွင် မီးသုံးစွဲ ခြင်း၊ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းနှင့် ဓာတ်ဆီဖြည့်စဉ် သတိပြုရမည့် အချက်များ၊ မီးသတ်ဌာနသို့ အရေးပေါ် ဆက်သွယ်ရမည်ဖုန်းနံပါတ် ၁၉၁ တို့အား ရေးသာဖော်ပြထားသည်။

အဆိုပါ လက်ကမ်းစာစောင်ကို အဖြူရောင်သူငယ်ချင်းများ ပရဟိတအဖွဲ့မှ ကူညီပံ့ပိုးပေးထား ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

မြင့်မိုရ်(မြိတ်)