ပျောက်ဆုံးဆရာဝန်သားအဖ တစ်ပတ်ကြာသည်ထိ ရှာမတွေ့သေး

0
632

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ပျောက်ဆုံးနေသည့် ဒေါက်တာအေးဇော်ထွန်း နှင့် သားဖြစ်သူ မောင်စသုတမွန်တို့ ၂ ဦးသည် တစ်ပတ်ကြာသည်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်တွေက ဒီဇင်ဘာလ ၁၂ ရက်က ပြောသည်။

မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် နေ ဒေါက်တာ အေးဇော်ထွန်း (၃၁) နှစ်နှင့် သားဖြစ်သူ မောင်စသုတမွန် (၃) နှစ်ခွဲတို့သည် ဒီဇင်ဘာ ၅ ရက်နေ့ ညက ပျောက်ဆုံးသွားပြီး ယနေ့ထိ သတင်းအစအန တစ်စုံတစ်ရာမရပဲ ပျောက်ဆုံးလျက်ရှိသည်ဟု ပျောက်ဆုံးနေသည့် ဒေါက်တာအေးဇော်ထွန်း၏ ယောက်ဖဖြစ်သူ ကိုအောင်သူဟိန်းက ပြောသည်။

“အိမ်ပြန်ရောက်နေပြီ ဆေးခန်း ပြန်ထိုင်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေလည်း ထွက်နေပါတယ်။ ဒီအချိန်ထိ အိမ်ကို ပြန်မရောက်သေးပါဘူး”ဟု ကိုအောင်သူဟိန်းက ပြောသည်။

ဒေါက်တာအေးဇော်ထွန်းနှင့် သားဖြစ်သူ မောင်စသုတမွန်သည် ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ချိန်းဆိုထားသည့် သူငယ်ချင်း တို့နှင့် ဧရာ၀တီစားသောက်ဆိုင်တွင် စားသောက်ခဲ့ကြသည်။

CCTV မှတ်တမ်းများအရ ဒေါက်တာ အေးဇော်ထွန်းသည် သားမောင်စသုတမွန် နှင့်အတူ ည ၁၀ နာရီ ၃၆ မိနစ် အချိန် တွင် ကားဖြင့် ဧရာ၀တီစားသောက်ဆိုင် မှ ထွက်သွားပြီး ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ငန်းတေးရပ်ကွက်အဝင်တွင် ကားကို တွေ့ရသေးကြောင်း ကိုအောင်သူဟိန်းက ပြောသည်။

အဆိုပါနေရာသည် ဒေါက်တာ အေးဇော်ထွန်း၏ နေအိမ်နှင့် ၅ မိနစ် ၆ မိနစ်ခန့်သာ ကားမောင်းရသည့် နေရာဖြစ်သည်ဟု ကိုအောင်သူဟိန်းက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် ဒေါက်တာအေးဇော်ထွန်းသည် မိသားစုနှင့် အဆင်မပြေသည့်အတွက် ရှောင်နေကြောင်း၊ ဘောလုံးပွဲလောင်း၍ အကြွေးများပြီး ရှောင်နေကြောင်း၊ ရန်ငြိုးရန်စရှိ၍ ဖြစ်ကြောင်း စသဖြင့် ကောလာဟလ ပြန့်နှံ့နေသည်နှင့် ပတ်သက်ပြီး တစ်ခုမှမဟုတ်ကြောင်းကို မိသားစုဝင်များက ရှင်းလင်းထားသည်။

Dawei Watch