ကလိန်အောင်မြို့ ရေပေးဝေရေးကိစ္စ ယခုနှစ် အကောင်အထည် မဖော်နိုင်သေး

0
610

နှစ်စဉ်နွေရာသီတွင် သောက်သုံး ရေး အခက်အခဲရှိနေသည့် ကလိန်အောင်မြို့ ရေပေးဝေရေးကိစ္စကို ယခုနှစ်တွင် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း ရေဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကလိန်အောင်မြို့သောက်သုံးရေရရှိရေးအတွက် ရေထွက်ပင်ရင်းနှစ်ခုဖြစ် သည့် ဇင်းဘာချောင်းနှင့် မိချောင်းလှောင်း ချောင်းတစ်ခုခုမှ ရေကိုသွယ်တန်းကာ သောက်သုံးရေဖြန့်ဖြူးရန် စဉ်းစားလျက်ရှိကြောင်း အထက်ပါကော်မတီအတွင်း ရေးမှူး ဦးနိုင်ထွေးက ပြောသည်။

သို့သော် ယခုဘဏ္ဍာနှစ် တိုင်းအစိုးရ ခွင့်ပြုရန်ပုံငွေ မရရှိသေးသောကြောင့် ကလိန်အောင်မြို့ရေသွယ်မည့် ကိစ္စကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်သေးကြောင်း ဦးနိုင်ထွေးက ပြောသည်။

“လောလောဆယ် ကလိန်အောင် ရေပေးဝေရေးအတွက် စည်ပင်ကလုပ်ပေးမှာလားလို့ဆိုရင် တော့ လုပ်ပေးပါ မယ်လို့ အာမခံလို့ရတဲ့ အခြေအနေတော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆို အခုဘဏ္ဍာ နှစ်မှာ ရန်ပုံငွေမှ မရှိတာကို”ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ကလိန်အောင်မြို့ရေပေးဝေရေး အတွက် ရန်ပုံငွေရရှိရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကလိန်အောင်မြို့ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ညှိနှိုင်းကာ ယခု ဘဏ္ဍာနှစ်တွင် ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းမြို့အုပ်ချုပ်ရေးမှူးက ယမန်နှစ်က ပြောကြားခဲ့ဖူးသည်။

ယင်းမြို့တွင်နေထိုင်သူအချို့သည် သောက်သုံးရေအတွက် ကလိန်အောင် ချောင်းရေကို အဓိကထား အသုံးပြုကြပြီး ယခုနှစ်အတွင်း ကလိန်အောင်ချောင်းရေမှာ ရေနောက်များ မကြာခဏစီးဆင်းလာသည်ကို ကြုံတွေ့နေရကြောင်း ကလိန်အောင်မြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဒီချောင်းရေက မသန့်ဘဲဖြစ်နေတယ်။ တစ်ခါတလေလည်း ချောင်းရေက နီပြီးတော့ စီးဆင်းလာတယ်။ တစ်ခါ တလေလည်း ကြည်တယ်။ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတယ်”ဟု အထက်ပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စန်းက ဆိုသည်။

ဒေသခံအချို့က သောက်ရေအတွက် ရေသန့်ဘူးများကို ဝယ်သုံးကြပြီး ထားဝယ် မြို့ပေါ်တွင် ၆၅၀၊ ၇၀၀ ကျပ် ကျသင့် သည့် ၂၀ လီတာဆန့် ရေသန့်တစ်ဘူးကို (ဘူးခွံမပါ) တစ်ထောင်ကျပ်ဖြင့် ဝယ်သုံးနေရကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

ကလိန်အောင်မြို့ အထွေထွေ အုပ်ချုပ်ရေးရုံး၏ ယမန်နှစ်စာရင်းအရ အမှတ် ၄ ရပ်ကွက်မှ လွဲပြီး အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များရှိ လူဦးရေ တစ်ထောင် ကျော် (၁၃၉၂) ဦးသည် သုံးရေအတွက် ကလိန်အောင်ချောင်းရေကို မှီခိုနေရကြောင်း သိရသည်။

ကျော်သူစိုး