ရေဖြူမြို့နယ် ရေကြီးလယ် မျိုးစပါးထောက်ပံ့ငွေ ကွဲလွဲမှု နစ်နာသူကိုသာ ဦးစားပေးပါ

0
484

ရေဖြူမြိ့နယ်တွင် လယ်ယာမြေ များ ရေကြီးနစ်မြုပ်စဉ်က စာရင်းကောက် ယူရာ လယ်တစ်ခွင်လုံး ပင်လယ်ပြင်ကြီး ကဲ့သို့ ဖြစ်နေသဖြင့် ပျက်စီးစာရင်းကွဲလွဲ မှု ရှိနိုင်သော်လည်း အမှန်တကယ် နစ်နာဆုံးရှုံးသူကိုသာ နစ်နာကြေးပေးရန် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီး ဌာန တာဝန်ရှိသူက ပြောဆိုလိုက်သည်။

ရေဖြူမြို့နယ်ရှိ ကျေးရွာ အချို့တွင် ပျက်စီးစာရင်းပေါက်သူနှင့် မြေပြင်တွင် အမှန်တကယ်ဆုံးရှုံးသူ မမျှမတဖြစ်နေမှု အပေါ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်တွင် ရေကြီးနစ်မြုပ်မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ဌာနမှ ရေကြီးနစ်မြုပ် စာရင်းတောင်းယူသဖြင့် ကမန်းကတန်း စာရင်းကောက်ယူခဲ့ရာ လယ်ကွင်းတစ်ပြင်လုံး ရေဖုံးလွှမ်းနေသဖြင့် ခန့်မှန်းဧက စာရင်းသာ ကောက်ယူခဲ့ရသဖြင့် လွဲချော် မှုများရှိနိုင်ကြောင်း ၎င်းက ပြောသည်။

“စာရင်းအရ မဟုတ်ဘူး။ တကယ် နစ်နာတဲ့ သူတွေပဲပေးပါလို့ ပြောထား တယ်။ စာရင်းက မှားချင်လည်း မှားနေမယ်။ နစ်နာကြေးပေးတဲ့ အချိန်ကျရင် တကယ်နစ်နာတဲ့ သူတွေကိုပဲ ပေးပါ။ မနစ်နာတဲ့ လူက စာရင်းပါလည်း မပေး နဲ့လို့ အဲဒါက နဂိုတည်းက ပြောထားတယ်”ဟု တာဝန်ရှိသူက ဆိုသည်။

ရေဖြူမြို့နယ် သစ်တိုထောင့် ကျေးရွာတွင် ရေကြီးနစ်မြုပ်သည့် လယ်များအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ ပေးသည့် မျိုးစပါးထောက်ပံ့ငွေ ရရှိမှု မမျှမတဖြစ်နေသည်ဟု ဒေသခံတောင်သူများ ပြောဆိုသည်။

လယ်တစ်ဧကသာရှိသောသူတွင် တစ်ဧကလုံး ရေကြီးနစ်မြုပ်သဖြင့် ပျက်စီးခဲ့သောကြောင့် ပျက်စီးစာရင်းတင်ရာ ငါးဧကခွဲခန့်ထိ ရနေပြီး လယ်ငါးဧကရှိ သူတွင် ရေကြီးနစ်မြုပ်သဖြင့် ငါးဧကလုံး ပျက်စီးရာ စာရင်းတင်သော်လည်း တစ်ဧကဖိုးသာရရှိနေသောကြောင့် အမှန် တကယ်ပျက်စီးဆုံးရှုံးသူများအတွက် နစ်နာမှုများရှိနေသည်ဟု သစ်တိုထောင့် ကျေးရွာမှ ဦးစိုးကြည်က ပြောသည်။

ရရှိသည့် ငွေပမာဏမှာ ပိုနေသူ တွင် ပိုနေပြီး အမှန်တကယ် ထိခိုက်ပျက်စီးသူများတွင် ထိုက်သင့်သည့် လျော်ကြေး မရရှိသဖြင့် အုပ်ချုပ်ရေးမှုး အား မျှမျှတတပေးရန်အတွက် လယ်သမား များကိုယ်စား ပြောဆိုသော်လည်း လက်မခံ ဟု ဦးစိုးကြည်က ပြောသည်။

“ဒီတိုင်းထုတ်ပေးလို့ မရဘူး။ အုပ်ချုပ်ရေးမှူးလို့ သွားပြောတယ်။ မျှမျှတတဖြစ်အောင် မြေစာရင်းဦးစီးကို ပြောပြီး မျှပေးမှပဲရမယ်ဆို သွားပြောတယ်။ ဘယ်လိုပဲပြောပြော အုပ်ချုပ်ရေး မှူးက လက်မခံဘူး”ဟု ဦးစိုးကြည်က ဆိုသည်။

အုပ်ချုပ်ရေးမှူးကို ပြောဆိုသော် လည်း မရသဖြင့် မြို့နယ်မြေစာရင်းရုံးနှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြောဆိုရာ မြေစာရင်းရုံးက စာရေးလိုက် လံပြောဆိုပေးသော်လည်း အုပ်ချုပ်ရေးမှူးက လက်မခံကြောင်း ၎င်းက ပြောသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ အုပ်စုမြေတိုင်းစာရေး၊ စိုက်ပျိုး ရေးဦးစီးဌာနမှ ကွင်းတာဝန်ခံနှင့် ရပ်ကျေးလယ်ယာမြေစိစစ်ရေးကော်မတီအဖွဲ့ ဝင်ငါးဦးအပါအဝင် အုပ်ချုပ်ရေးမှူးနှင့် ကွင်းပိုင်ရှိ လယ်သမားများနင့်အတူ ရေကြီးနစ်မြုပ်စာရင်းကောက်ယူခဲ့ရာ ဌာနဆိုင်ရာမှ ကျလာသည့် စာရင်း အတိုင်းသာ ခွဲဝေပေးရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

“အုပ်ချုပ်ရေးမှူး အလုပ်မှာက စာတစ် ခုလာတာကို တရားဝင်စာလာမှသာ ကျွန်တော်တို့တွေ လုပ်ပိုင်ခွင့်ရှိတယ်။ လေနဲ့ပြောလိုက်တာကတော့ လုပ်ပိုင်ခွင့် မရှိဘူး။”ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခုနှစ်တွင် ရေကြီးနစ်မြုပ်သဖြင့် ပျက်စီးလယ်ဧကစာရင်း ၂၅၇ ဧက တင်ပေးလိုက်သော်လည်း ၁၈၃ ဧကသာ စာရင်းကျလာပြီး သက်ဆိုင်ရာဌာနမှ ပျက်စီးလယ်ဧကစာရင်းကို နာမည်နှင့် စာနှင့်တကွ ကျလာသဖြင့် အုပ်ချုပ်ရေးမှူးအနေဖြင့် မျှမျှတတဖြစ်အောင် ပြင်ဆင် ပေးရန် အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။

မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူအနေနှင့် ပျက်စီး စာရင်းကွဲလွဲမှု ရှိလင့်ကစား မျှမျှတတ ခွဲဝေပေးရန် ဖုန်းဆက်ပြောကြားခဲ့သည် ဟုဆိုသော်လည်း သစ်တိုထောင့် အုပ်ချုပ်ရေးမှူးကမူ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဖြင့် သော်လည်း ကောင်း၊ စာဖြင့် သော်လည်းကောင်း အကြောင်းကြားခြင်း မရှိဟု ငြင်းဆိုထားသည်။

ရေဖြူမြို့နယ် ရလိုင်ကျေးရွာတွင်မူ ထိုသို့ စာရင်းကွာဟမှုရှိသော်လည်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရပ်ကျေးအဖွဲ့အစည်းများ၊ လယ်သမား များနှင့် ညှိနှိုင်း တိုင်ပင်ကာ မျှမျှတတ ခွဲဝေပေးခဲ့ကြောင်း ရလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောသည်။

“တခြားရွာတွေမှာလည်း အဲလို တွေဖြစ်နေတာ အသံကြားရတော့ လာတာ နဲ့ မပေးသေးဘူး။ စာရင်းကွာဟမှုတွေ ရှိနေတာသိတော့ ဒီတိုင်းပေးရင်တော့ ပြဿနာတွေ ဖြစ်လာမယ်။ ဘယ်လိုလုပ် ရင်ကောင်းမလဲဆိုပြီး တိုင်ပင်ပြီးမှ ခွဲဝေ ပေးတာပေါ့”ဟု ဦးမျိုးလွင်က ဆိုသည်။

ယခုနှစ် မိုးရာသီတွင် ရေကြီးနစ် မြုပ်မှုကြောင့် ရေဖြူမြို့နယ်တွင် ပျက်စီး ဆုံးရှုံးခဲ့သည့် လယ်ဧက ၁၂၇၄ ဧက ရှိပြီး တစ်ဧကလျှင် ငွေကျပ်တစ်သောင်းစီ ထောက်ပံ့ပေးသည်ဟု တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

Dawei Watch