ထားဝယ်တွင် အိန္ဒိယထုတ် သုံးဘီးဆိုင်ကယ်များ အရောင်းသွက်

0
1912

ထားဝယ်တွင် အိန္ဒိယနိုင်ငံထုတ် ဘာဂျား (Bajaj)၊ မစီမာဇက် (Maxima Z)၊ TVS၊ မတ်တနော အမျိုးအစား သုံးဘီးဆိုင်ကယ်လေးများ အရောင်းသွက်လာကြောင်း သုံးဘီးဆိုင်ကယ် ရောင်းချသည့် ကုမ္ပဏီများနှင့် ဒေသခံများ ထံမှ သိရသည်။

Bajaj၊ Maxima Z အမျိုးအစား သုံးဘီးဆိုင်ကယ်များကို ထားဝယ်ဒေသခံ တက္ကစီဆွဲသူများ အများဆုံးဝယ်ယူကြပြီး တစ်လလျှင် ၁၅ စီးမှ စီးရေ ၂၀ ကျော် ခန့် ရောင်းချရသည်ဟု ထားဝယ်မြို့ သရဖူစိုးမြင့် ကုမ္ပဏီမှ အရောင်းမန်နေဂျာ ဦးဇေယျာမြတ်က ပြောသည်။

“ဒါ အသေးလေးတွေပဲ ကျန်နေခဲ့ တာ။ အကြီးတွေဆို ရောက်ကုန်ပဲ။ တစ်ခါတလေကျရင် ကျောင်းသွားဖို့ အိမ်သုံး ဖို့ဝယ်တဲ့သူလည်း ရှိတယ်။ တစ်ခါတလေ ကျရင်လည်း နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင် ကယ်တွေနဲ့ တက္ကစီ မဆွဲချင်တော့ဘူးဆို ပြီး လာဝယ်တဲ့သူတွေလည်း ရှိတယ်}}ဟု ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံထုတ် သုံးဘီးဆိုင်ကယ်များ ရောင်းအားတက်လာသဖြင့် ယခင် သုံးဘီးဆိုင်ကယ်အကြီးများ ရောင်းအား ကျသွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အိန္ဒိယနိုင်ငံထုတ် TVS သုံးဘီးဆိုင်ကယ်များ လေးလအတွင်း အစီးရေ ၂၀ ကျော်ခန့် ရောင်းချထားပြီးဖြစ်ကြောင်း ထားဝယ်မြို့ အခြေစိုက် GBS (GOOD BROTHER CO., LTD) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သုံးဘီးအကြီးတွေကတော့ ဈေးကွက် နည်းနည်း ကျလာတယ်။ အကျဘက်သွား နေတယ်ပေါ့နော်။ ဒီလူစီးသုံးဘီးတွေကျ တော့ အဆင်ပြေလာတယ်။ ရောင်းအားလည်း တက်လာတယ်”ဟု တာဝန်ရှိသူက ပြောသည်။

သုံးဘီးဆိုင်ကယ်အကြီးများမှာ အမျိုးအစားအလိုက် တစ်စီးလျှင် ကျပ် နှစ်ဆယ့်ငါးသိန်းကျော်ဝန်းကျင်မှ ကျပ်သုံးဆယ့်ငါးသိန်းဝန်းကျင်ခန့်အထိ ရှိကြောင်း တာဝန်ရှိသူက ဆိုသည်။

သရဖူစိုးမြင့်အရောင်းဆိုင်တွင်မူ အိန္ဒိယနိုင်ငံထုတ် သုံးဘီးဆိုင်ကယ် တစ်စီးလျှင် ကျပ် ၄၈ သိန်းခန့်ရှိပြီး တနင်္သာရီတိုင်း၏ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များနှင့် ကီလိုမီတာဖြင့် အင်ဂျင် ပါဝါအား အာမခံပေးကြောင်း အရောင်း ဆိုင်မန်နေဂျာ ဦးဇေယျာမြတ်က ပြောသည်။

သုံးဘီးအကြီးနှင့် ဟိုက်ဂျက်ကား ငယ်များကို ကုန်ပစ္စည်းတင်သူများသာ ငှားရမ်းမှုများပြီး လူစီးခရီးသည်နည်းလာ သဖြင့် ထားဝယ်မြို့ဗျောတော၀ရပ်ကွက်မှ သုံးဘီးဆိုင်ကယ်ဆွဲသူ ကိုဝင်းဇော်ဦးက ၎င်းတို့ကို ထုတ်ရောင်းကာ အိန္ဒိယနိုင်ငံ ထုတ် သုံးဘီးဆိုင်ကယ်ကို ဝယ်ယူခဲ့သည်။

“သုံးဘီးကြီးကြီးတွေကလေ ပိုက်ဆံနှစ်ထောင်နဲ့လည်း လိုက်မနိုင်ဘူး။ သူက တစ်ထောင် ထောင့်ငါးရာဆိုလည်း လိုက်တယ်။ ခရီးသည်တွေကလည်း ဒီဟာကိုပဲ စီးလာကြတယ်။ ဟို သုံးဘီးကတော့ နည်းနည်းဆောင့်သလို မျိုးလည်း ဖြစ်တယ်။ ဒီကောင်ကတော့ နည်းနည်း ငြိမ့်ညောင်းတယ်”ဟု ကိုဝင်းဇော်ဦးက ဆိုသည်။

အသုံးများလာသော သုံးဘီးဆိုင်ကယ် သည် မိုးလုံလေလုံနှင့် ခရီးသည်နှစ် ယောက်မှ သုံးယောက်ခန့်စီးနိုင်ပြီး ကုန်ပစ္စည်းအနည်းငယ်လည်း တင်နိုင်သည်။

ထားဝယ်မြို့တွင် ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဆေးရုံတက္ကစီနှင့် ကျောင်းကြိုကျောင်းပို့အတွက် အိမ်စီး သုံးရန်အတွက် ဝယ်ယူလာကြသည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။

မိုးမြင့်