၀ဥဈေးကောင်းသဖြင့် စိုက်ပျိုးသူ များပြား

0
1009

၀ဥဈေးကောင်းရလာသဖြင့် ထားဝယ် ခရိုင်တွင် စိုက်ပျိုးထုတ်လုပ်သူများလာ ကြောင်း ၀ဥ၊ သီဟိုဠ်၊ ကွမ်းသီး စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ၀ဥဝယ်ယူ ရောင်းချသူများထံမှ သိရသည်။

၀ဥမှာ ၂၀၁၇ ခုနှစ်ခန့်မှစပြီး ဈေး ကောင်းလာသဖြင့် တူးဖော်ရောင်းလာ ကြပြီး ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးဈေး ၁၄၅၀ ကျပ်ထိ ဈေးရှိလာသည်။

ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံမြေများ တွင် ၀ဥပင်သည် အလေ့ကျပေါက်ရောက် လေ့ရှိပြီး ယခင်က တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၅၅၀ ကျပ်ခန့်အထိသာပေါက်ဈေးရှိ သဖြင့် အလေ့ကျပေါက် သည့်အပင်များကို ခုတ်ထွင်ရှင်းလင်းပစ်တတ်ကြသည် ဟု ၀ဥ၊ သီဟိုဠ်၊ ကွမ်းသီး စိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

ယမန်နှစ်က ထားဝယ်ခရိုင်တွင် ၀ဥပိဿာချိန် သိန်း ၂၀ ခန့်ထွက်ရှိပြီး ယခုနှစ်တွင် မျိုးပြန်ထိန်းလိုက်သဖြင့် အထွက်နည်းခဲ့သော်လည်း လာမည့် နှစ်တွင် ပိဿာချိန် သိန်း ၂၀ အထက်တွင် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဇော်သူရက ဆိုသည်။

“ဘယ်လောက်များလာလဲတော့ သေချာမသိဘူး။ အရင်နှစ်ကထက် များ လာတယ်။ စနစ်တကျ စိုက်ပျိုးတဲ့လူရှိ သလို စနစ်တကျ ပျိုးခင်းထောင်ပြီး တော့ကို ပျိုးရောင်းဖို့လုပ်နေတဲ့သူတွေ လည်းရှိတယ်။ အများစုက မစိုက်သေးတဲ့ သူတွေလည်း စိုက်လာတယ်”ဟု ဦးဇော်သူရက ဆိုသည်။

လက်ရှိတွင်ရော်ဘာစိုက်ပျိုးသူ အချို့လည်း ၀ဥစတင်စိုက်ပျိုးရန် စီစဉ်လာသည်။

ရော်ဘာအစေးခြစ်သည့် အလုပ် သမားကို တစ်နှစ်လုံးထားရန်အတွက် အလုပ်သမားထိန်း သည့်အနေဖြင့် ၀ဥစိုက် ပျိုးရန်ပျိုးခင်းစိုက်ထားပြီး လာမည့် မိုးရာသီတွင် ၀ဥ ၁၀ ဧကခန့်ကို စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။

“ရော်ဘာက ၁၀ လပိုင်းလောက်ဆို စတယ်။ သင်္ကြန်ဆို နားတယ်ပေါ့။ ၀ဥက သင်္ကြန်ဆိုစပြီ၊ ၁၀ လပိုင်းလောက်ဆို ပိုက်ဆံပြန်ပေါ်သွားပြီပေါ့၊ ရင်းနှီးမြှုပ် နှံမှုနဲ့စာမယ်ဆိုရင်သူက ၁၀၀၀ ကျပ် လောက်ဖြစ်တဲ့အထိကို မရှုံးဘူးလေ” ဟု ဦးအောင်မျိုးက ပြောသည်။

၀ဥသည် စိုက်ပျိုးထုတ်လုပ်ရလည်း လွယ်ကူပြီး လက်ရှိတွင် ဈေးကောင်း ရနေရာ ရော်ဘာရာသီကုန်သည့်နှစ် တစ်ဖက်တွင် အခြားသီးနှံတစ်ခုဖြင့် ငွေပြန်ပေါ်သည့်အတွက် ၀ဥကို ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဦးအောင်မျိုးက ဆိုသည်။

၂၀၁၇ ခုနှစ်က ၀ဥတစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ အများဆုံးရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် တွင် တစ်ပိဿာလျှင် ၇၅၀ ကျပ်မှ ၁၄၅၀ ကျပ်ထိဖြစ်လာသည်။ ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိ ပေါက်ဈေးရှိခဲ့သဖြင့် သဘာ၀အတိုင်း တူးဖော်ရောင်းချရာမှ သီးသန့်စိုက်ပျိုး သူများလာသည်ဟု ၀ဥစိုက်ပျိုးရောင်းချသူများနှင့် ၀ဥဝယ်သည့် ပွဲရုံပိုင်ရှင် အချို့က ပြောသည်။

၀ဥဈေးကောင်းရလာ၍ အပင်မရင့် မီတူးဖော်ရောင်းကြသဖြင့် မျိုးရှားပါးလာသော်လည်း ယခုအခါ မျိုးပြန်ထိန်းလာသည့် အနေနှင့် အပင်ရင့်မှ တူးရောင်း ကြကြောင်း ၀ဥစိုက်တောင်သူ များနှင့် ၀ဥဝယ်သည့် ပွဲရုံပိုင်ရှင်အချို့က ဆိုသည်။

ယခင်က ခြံတွင် အလေ့ကျပေါက် သည်ကိုသာ ထားရောင်းသော်လည်း ၀ဥမှာ စိုက်ပျိုးရလွယ်ပြီး ကရိကထ မများဘဲ ရော်ဘာထက်ဈေးကောင်းရ သဖြင့် တိုးချဲ့စိုက်ပျိုးလာကြသည်ဟု ၀ဥစိုက်တောင်သူများနှင့် ၀ဥဝယ်သည့် ပွဲရုံပိုင်ရှင်အချို့၏ ပြောပြချက်အရ သိရသည်။

မိုးမြင့်