ပုလုံးတုံတုံးတံတားကြောင့် မြေဈေး ငါးဆခန့်တက်

0
1616
ပုလုံးတုံတုံးတံတား။ ဓာတ်ပုံ - ကိုဇော်

ကော့သောင်းမြို့နယ် အတွင်းရှိ ပုလုံးတုံတုံးတံတား တည်ဆောက်မှုကြောင့် ပုလုံးတုံတုံးကျေးရွာ အတွင်းရှိ အိမ်နှင့် မြေဈေး ငါးဆခန့် တက်သွားကြောင်း အထက်ပါကျေးရွာနေသူအချို့ ထံမှ သိရသည်။


အရှည်ပေ ၂၄၀၀ ခန့်ရှိ ကော့သောင်း မြို့နှင့် ပုလုံးတုံတုံးကျေးရွာကို ဆက်သွယ်ထားသည့် တံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စတင်တည်ဆောက်နေသည်။


အဆိုပါ တံတားစီမံကိန်းကြောင့် ကျေးရွာအတွင်းရှိ မြေကွက်နှင့် ဥယျာဉ် ခြံမြေဈေးမှာ ယခင်နှစ်ထက် ငါးဆခန့် မြင့်တက်လာကြောင်း ဒေသခံအချို့က ပြောသည်။


ယခင်နှစ်က ကျေးရွာလမ်းမပေါ်ရှိ ၄၀ ပေ x ၆၀ ပေရှိ မြေကွက်တစ်ကွက်လျှင် ထိုင်းဘတ်ငွေ တစ်သိန်း (ကျပ် သိန်း ၅၀ ခန့်) ခန့်သာ ပေါက်ဈေးရှိရာမှ လက်ရှိတွင် ဘတ်ငါးသိန်းခန့် (ကျပ် သိန်း ၂၅၀) အထိ ဈေးတက်လာကြောင်း ပုလုံးတုံတုံးကျေးရွာနေ ဦးနေလင်းက ဆိုသည်။


ကျေးရွာအနီးတစ်ဝိုက်ရှိ ဥယျာဉ်ခြံမြေ တစ်ဧကလျှင် ယခင်က ဘတ်နှစ်သောင်းခန့်သာ ဈေးရှိရာမှ လက်ရှိ တွင် ဘတ်နှစ်သိန်းခန့်အထိ ပေါက်ဈေး ရှိလာကြောင်း ၎င်းက ပြောသည်။


လက်ရှိ ငွေလဲလှယ်နှုန်းထားအရ ဘတ်ငွေတစ်သိန်းလျှင် မြန်မာငွေကျပ် သိန်းငါးဆယ်ခန့်နှင့် ညီမျှသည်။


“တံတားကလုပ်နေပြီဆိုတော့ လုပ်ငန်းရှင်တွေကလည်း ဝယ်လာကြတယ်”ဟု ဦးနေလင်းက ဆိုသည်။


တံတားဆောက်ပြီးပါက အအေးခန်း စက်ရုံတည်ဆောက်မည်ဟုကြားသိရပြီး လုပ်ငန်းရှင်များက မြေကွက်ဝယ်ယူနေကြကြောင်း အဆိုပါကျေးရွာနေ ဦးငွေလွင် ခေါ် မောင်ငွေက ပြောသည်။
“အခုက ရောင်းသူလည်းရှိတယ်။ ဝယ်သူလည်းရှိတယ်။ အရောင်းအဝယ် ဖြစ်နေကြတယ်”ဟု ဦးငွေလွင်က ဆိုသည်။


ပုလုံးတုံတုံးတံတား တည်ဆောက်မှုမှာ ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ လက်ရှိတွင် သစ်သားတံတားဖြင့် ဖြတ်သန်းသွားလာနေသည်။


ပုလုံးတုံတုံးကျေးရွာတွင် အိမ်ခြေ ၉၀၀ ခန့်ရှိပြီး ကော့သောင်းမြို့မှ ငါးမိုင် ခန့်ကွာဝေးသည်။

Dawei Watch