ပါချန်မြစ်ကမ်း၌ ကမာ စမွေး

0
1180
ဓာတ်ပုံ - မင်းခန့်

ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းရှိ ဝဲကြီးနှင့်ဝဲငယ်ရွာတို့တွင် ကမာကောင်များ စတင်မွေးမြူနေကြောင်း ယင်းရွာသားများထံမှ သိရသည်။


ကမာကောင်များကို ဒီရေငြိမ်သည့် နေ့များ၌ ပါချန်မြစ်အတွင်းရှိ ကျောက်ဆောင်များတွင် ရေငုပ်ရှာဖွေကြကာ ရောင်းတမ်းဝင် ကမာကောင်များကို ရောင်းချပြီး ရောင်းတမ်းမဝင်သေးသည့် ကမာကောင်များကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်မွေးမြူနေခြင်းဖြစ်သည်။


ရောင်းတမ်းဝင် အရွယ်အစားမှာ ကမာကောင်(အခွံပါ) ၄ လုံး၊ ၅ လုံး လျှင် တစ်ကီလိုအလေးစီးသည့် ကမာကောင်များဖြစ်ပြီး ယင်းထက် အရွယ်ငယ်သော ကမာကောင်များကို မွေးမြူနေကြခြင်း ဖြစ်သည်။


“ကြီးတာတွေ ရောင်းပြီး ငယ်တာတွေ ချန်လာတာပေါ့။ မွေးကမာအရွယ်တွေဆိုတော့ မွေးတာပေါ့။ မွေးတိုင်း အကုန် မရှင်ဘူးပေါ့လေ”ဟု ဝဲကြီးရွာသူ ဒေါ်ဆန်းမြင့်က ပြောသည်။


မွေးကမာများကို ဘိလပ်မြေဖြင့် ကြိုးတွင် နှစ်လုံးပူးကပ်စေပြီး ကြိုးတစ်တွဲလျှင် ဆယ်လုံးတွဲ၍ ပါချန်မြစ်ထဲ ရေအမြဲရောက်သည့်နေရာတွင် ဆောက်ထားသည့် သစ်လုံးတန်း၌ တွဲမွေးကြခြင်း ဖြစ်သည်။


ကမာမွေးသူ တစ်ဦးလျှင် ကမာကောင်အတွဲ ၃၀၀ မှ အတွဲ ၁၀၀၀ ထိ မွေးမြူထားကြပြီး ယခုနှစ် ကမာမွေးရာသီ အစတွင် မွေးသူ ငါးဦးအထိ ရှိလာပြီဟု ရွာသားများက ပြောသည်။


မွေးလ ၃လ၊ ၄ လအတွင်း ရောင်းတမ်းဝင်အရွယ်ရောက်လာပြီး လအကန့် အသတ်မရှိ စိတ်ကြိုက် မွေးထားနိုင်ကြောင်း ဒေါ်ဆန်းညွန့်က ပြောသည်။


ကမာကောင် တစ်ကီလိုလျှင် ၄၀ ဘတ်(မြန်မာငွေ ကျပ် ၂၀၀၀ ခန့်) ရရှိနေပြီး၊ ဈေးကောင်းပါက ၄၅ ဘတ် ရရှိ ကြောင်း ရွာသားများထံမှ သိရသည်။


ကမာငုတ်သူ၊ မွေးသူများကရွာ အဝယ်ဒိုင်တွင် ရောင်းချကြပြီး ထိုအဝယ် ဒိုင်က ထိုင်းသို့ တင်ပို့ရောင်းချသည်။


ယခင်က ရောင်းတမ်းဝင် ကမာများ ကိုသာရောင်းချပြီး ကျန်ကမာများကို အသားခွဲ စားသောက်ကြရာမှ နောက်ပိုင်း တွင် မွေးမြူသည့် စနစ်ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

Dawei Watch