မြိတ်လျှပ်စစ်တင်ဒါ စိစစ်ပြီးစီး၍ တိုင်းအစိုးရအစည်းအဝေးတွင် ဆက်တင်ပြမည်

0
1010

မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါကိစ္စကို တင်ဒါကော်မတီက စိစစ်ပြီးစီး၍ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

တင်ဒါပြိုင်ထားသည့် ကုမ္ပဏီများကို အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်ပြီးဖြစ်သည့်အတွက် အနီးစပ်ဆုံး ကျင်းပမည့်  အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကာ ယင်းအစည်းအဝေးက ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တင်ဒါကော်မတီက ပြီးခဲ့သည့် အပတ်တွင် စိစစ်ပြီးစီးခဲ့ကြောင်း ဦးအောင်သူရက ပြောသည်။

မြိတ်မြို့နယ်လျှပ်စစ်တင်ဒါကို Petro & Trans၊ Green Power Myanmar ၊ Myeik Power Generationကုမ္ပဏီ၊ Southern Power Gird ကုမ္ပဏီ၊ မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီနှင့် ဖိုးသီးချိုကုမ္ပဏီတို့ က ပြိုင်ထားသည်။

“တင်ဒါကော်မတီရဲ့ လုပ်ငန်းစဉ် တော့ ပြီးပြီ”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

တင်ဒါအောင်ကုမ္ပဏီအနေဖြင့် ဒီဇယ်ဆီဖြင့် လျှပ်စစ်ထုတ်လုပ်မည် ဆိုပါက စာချုပ်ချုပ်ဆိုပြီးနောက် သုံးလ အတွင်း၊ အခြားအရင်းအမြစ်ဖြင့် ထုတ်လုပ်မည်ဆိုပါက ခြောက်လအတွင်း လုပ်ငန်းစလုပ်နိုင်ရမည်ဖြစ်သည်။

မြိတ်ခရိုင်လျှပ်စစ်သုံးစွဲမှုပမာဏမှာ ၁၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိတွင် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက ယာယီ လုပ်ကိုင်နေကာ တစ်ယူနစ်လျှင် ၄၂၀ ကျပ် နှုန်းဖြင့် ကောက်ခံနေသည်။

Dawei Watch