တနင်္သာရီတိုင်းက ကလေး တစ်သိန်းခွဲကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးမည်

0
530

တနင်္သာရီတိုင်းရှိ အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးတစ်သိန်းခွဲခန့်ကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

ယင်းကာကွယ်ဆေးကို တိုင်းအတွင်း ကော့သောင်းမြို့နယ်မှအပ ကျန်မြို့နယ်များကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက် အထိ သုံးရက်တာ ထိုးနှံပေးမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

ကော့သောင်းမြို့နယ်တွင်မူ အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအတွင်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကို ကလေးအသက်ကိုးလ အရွယ်တွင်တစ်ကြိမ်၊ တစ်နှစ်ခွဲအရွယ်တွင်တစ်ကြိမ် ပုံမှန်ထိုးနှံပေးလျှက်ရှိပြီး အစုအလိုက်အပြုံလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမူ ၂၀၁၅ ခုနှစ်က နောက်ဆုံးထိုးနှံပေးထားကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

“ကာကွယ်ဆေးမထိုးတာကြာရင် ရောဂါတွေပြန်ဖြစ်လာမှာစိုးလို့ အစုလိုက် အပြုံလိုက် ပြန်ထိုးပေးတာပါ”ဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေး၏သဘောအရ ကလေးတစ်ဦးသည် ကာကွယ်ဆေးကို တစ်ကြိမ်သာထိုးနှံပါက ၈၅ ရာခိုင်နှုန်း သာ ရောဂါကို ကာကွယ်ပေးနိုင်ပြီး နှစ် ကြိမ်ထိုးနှံပြီးပါက ၉၅ ရာခိုင်နှုန်းအထိ ရောဂါကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုံမှန်အားဖြင့် အသက်တစ်နှစ် အောက်ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံပေးလေ့ရှိသော် လည်း ရန်ပုံငွေရရှိမှု၊ ကာကွယ်ဆေးရရှိမှု စသည့်အခြေအနေအရ ကာကွယ်ဆေး ထိုးပေးသည့် အသက်အရွယ်ကို အတိုး၊ အလျှော့ပြုလုပ်လေ့ရှိကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

ဝက်သက်ရောဂါပိုးသည် ကူးစက် မြန်သည့် ဗိုင်းရပ်ပိုးတစ်မျိုးဖြစ်ပြီး ယင်း ရောဂါဖြစ်ပွားပါက နောက်ဆက်တွဲ အဖြစ် ပြင်းထန် အရည်ခမ်းခြောက်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန် အာဟာရ ချို့တဲ့သော ရောဂါများ ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ခြေရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဂျိုက်သိုးရောဂါသည် ယင်းရောဂါ ကူးစက်ခံရသော ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်များ ရောဂါဖြစ်ပွားပါက ကိုယ်ဝန်ပျက်ကျ ခြင်း၊ ကလေးသေဆုံးခြင်းဖြစ်ပွားခြင်းအပြင် မွေးဖွားလာသည့်ကလေးငယ်များ မွေးရာပါ ဂျိုက်သိုးရောဂါခံစားရပြီး မွေးရာပါ နှလုံးရောဂါ၊ မျက်စိအတွင်း တိမ်၊ နားမကြားဆွံ့အခြင်းများ ဖြစ်ပွားတတ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် တိုင်းအတွင်းရှိ ကလေးမိဘများ ပူးပေါင်းပါဝင် ကာကွယ်ဆေးထိုးနှံပေးရန် တနင်္သာရီတိုင်း တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက တိုက်တွန်းပြောဆိုသည်။

ကျော်သူစိုး