တနင်္သာရီတိုင်းအတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်းတစ်ထောင် ပြည်ထောင်စုမှ ခွဲဝေပေး

0
482

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းအတွင်း အသုံးပြုရန် ပြည်ထောင်စုအစိုးရက အရေးပေါ် ရန်ပုံငွေအဖြစ် ကျပ်သန်းတစ်ထောင် ခွဲဝေပေးခဲ့ကြောင်း တိုင်းဒေသကြီး ရသုံး မှန်းခြေငွေစာရင်းဌာနထံမှ သိရသည်။

ယခင်က အရေးပေါ်ရန်ပုံငွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်အောက်တွင် တိုင်းအစီအစဉ်ဖြင့် လျာထားခြင်း၊ ပြည်ထောင်စုအစိုးရတွင် လျာထားခြင်းများရှိသော်လည်း ယခုနှစ် တွင်မှ တိုင်းနှင့် ပြည်နယ်အလိုက် ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“သဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့ အခါကျရင် တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ လျင်မြန်စွာ အသုံးပြုလို့ ရတာပေါ့”ဟု ရသုံးမှန်းခြေငွေစာရင်းဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်က ပြောသည်။

အရေးပေါ်ရန်ပုံငွေ ကျပ်သန်းတစ် ထောင်ကို တိုင်းနှင့်ပြည်နယ်အားလုံးကို ခွဲဝေပေးခြင်းဖြစ်ပြီး သဘာဝဘေးဖြစ်ချိန် လုံလောက်မှုမရှိပါက ပြည်ထောင်စု အစိုးရထံတွင် ထပ်မံတောင်းခံနိုင်သေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်အောက်တွင် ငွေကျပ် ၇၈၉ ဒသမ ၀၉၄ သန်း လျာထားခဲ့ကြောင်း တိုင်းရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာအုပ်တွင် ဖော်ပြထားသည်။

ကိုဇော်