လျှပ်စစ်တင်ဒါကိစ္စ အဂတိလိုက်စား သည်ဟု ယူဆပါက တိုင်ကြားနိုင်ဟု လျှပ်စစ်ဝန်ကြီးဆို

0
1055

တိုင်းအတွင်း ခရိုင်၊ မြို့နယ်အလိုက် ခေါ်ယူနေသည့် လျှပ်စစ်တင်ဒါနှင့် ပတ်သက်၍ အဂတိလိုက်စားသည်ဟု ထင်မြင်ယူဆပါက တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လျှပ်စစ်တင်ဒါနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းမညီခြင်း၊ အဂတိ လိုက်စားခြင်းများရှိကြောင်း ယူဆပါက တိုင်ကြားနိုင်သော်လည်း တိုင်ကြားသူဘက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိရန်လို အပ်သည်ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းအတွက် စက်တင်ဘာလ ၂၄ ရက်က တင်ဒါဖွင့်ဖောက်သည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်တင်ဒါကိစ္စနှင့် ပတ်သက်၍ တိုင်ကြားမှုရှိပါက တိုင်းအစိုးရက ခုံအဖွဲ့ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုကျူးလွန် ကြောင်း တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်သူရက ပြောသည်။

“ပြစ်မှုမမြောက်ရင်တော့ တိုင်တဲ့ သူတွေကို အစိုးရအဖွဲ့ကနေပြီးတော့ အတိုင်ခံရတဲ့ သူတွေကို ပြန်လည်ကုစား ပေးတဲ့အနေနဲ့ ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ”ဟု ဦးအောင်သူရက ဆိုသည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ် အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တိုင်းအစိုးရက သီးခြားစီ တင်ဒါခေါ်ယူခဲ့သည်။

ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါကိစ္စတွင် ၀န်ထမ်းများက မသမာမှုလုပ်သည် ဟုဆိုကာ တင်ဒါရှုံးသည့် ကုမ္ပဏီက နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်အတိုင် ပင်ခံရုံးနှင့် တိုင်းအစိုးရအဖွဲ့ရုံးထံ တိုင်ကြားခဲ့ကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

Dawei Watch