ယာဉ်ထိန်းရဲတပ်သား တစ်လ သုံးဦးနှုန်းခေါ်ယူ

0
891
ဓာတ်ပုံ - ဝေယံစိုး

တနင်္သာရီတိုင်းအတွင်း ၀န်ထမ်းဖွဲ့စည်းပုံအရ ယာဉ်ထိန်းရဲလိုအပ်နေသေး သည့်အတွက် တစ်လလျှင် သုံးဦးနှုန်းဖြင့် လစဉ် ခေါ်ယူလျက်ရှိကြောင်း ထားဝယ်မြို့ရှိ  အမှတ် ၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ် ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

တိုင်းအတွင်း  ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ စု သုံးစုရှိပြီး စုစုပေါင်း ယာဉ်ထိန်းရဲ အင်အားမှာ အရာရှိ ခြောက်ဦးနှင့် အခြား ဆင့်(ရဲတပ်သားမှ တပ်ကြပ်ကြီး) ၅၄ ဦး စုစုပေါင်း  ၆၀ ဦး ရှိကြောင်း အထက်ပါ ရုံး ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးညီညီလှိုင်က ပြောသည်။

ဝန်ထမ်းဖွဲ့စည်းပုံအရ တပ်ဖွဲ့စု တစ်စုတွင် အရာရှိ ၈ ဦးနှင့် အခြားဆင့်  (ရဲတပ်သားမှ တပ်ကြပ်ကြီးအထိ)၂၈ ဦး ရှိရမည်ဖြစ်သောကြောင့် ယင်းတပ်ဖွဲ့စု သုံးစုအတွက် အရာရှိ ၂၄ ဦးနှင့် အခြား ဆင့် ၈၄ ဦး စုစုပေါင်း ၁၀၈ ဦး ရှိရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကြောင့် ယာဉ်ထိန်းရဲ ၅၄ ဦး လိုအပ်လျက်ရှိကြောင်း အမှတ် ၁၁ ယာဉ် ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး ထံမှ သိရသည်။

လိုအပ်နေသော ယာဉ်ထိန်းရဲ တပ်ဖွဲ့ ၀င်များအတွက် တပ်ဖွဲ့စု တစ်စုလျှင် တစ်ဦးနှုန်းဖြင့် တပ်ဖွဲ့စု သုံးစုအတွက် သုံးဦးနှုန်းကို လစဉ်ခေါ်ယူလျက်ရှိကြောင်း ၎င်းက ပြောသည်။

“လက်ရှိ ရှိနေတဲ့ ယာဉ်ထိန်းရဲအင်အား နဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးတွေ လုပ်ဆောင်ရာမှာတော့ အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ (ထွေအုပ်၊ ကညန မီးသတ်တပ်ဖွဲ့ စသည့်) ပူးပေါင်းအဖွဲ့ တွေ့နဲ့လုပ်ဆောင် နေလို့”ဟု ၎င်းက ဆိုသည်။

ယာဉ်ထိန်းရဲတပ်သားအဖြစ် လျှောက် ထားလိုသူများသည် ရုံးဖွင့်ရက်အတွင်း မည်သည့်အချိန်တွင်မဆို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးများတွင် လျှောက်လွှာ လာရောက် ထုတ်ယူ လျှောက်ထားနိုင်ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း ၂၀၁၈ ခုနှစ်တွင် ယာဉ်ထိန်းရဲတပ်သား ၁၆ ဦးခန့် အသစ်ခန့်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ ၁၃ ဦး ခန့်ထားပြီးဖြစ်ကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ် ဖွဲ့ခွဲမှူးရုံး ထံမှ သိရသည်။

ကျော်သူစိုး