ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အခက်အခဲနှစ်ခု ရှိဟုဆို

0
410

တနင်္သာရီတိုင်းအတွင်းရှိ ဒြပ်ရှိ ဒြပ်မဲ့ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးအတွက် အခက်အခဲနှစ်ခုရှိ ကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဦးဟိုပင်က ပြောသည်။

ရှေးဟောင်းအမွေအနှစ်၏ တန်ဖိုး ကို ဒေသခံတို့သိရှိနားလည်မှုအားနည်း ခြင်းနှင့် ရန်ပုံငွေအားနည်းခြင်းတို့ဖြစ် ကြောင်း ဦးဟိုပင်က ဆိုသည်။

ရှေးဟောင်းအမွေအနှစ်နယ်မြေ သတ်မှတ်ထားသည့်နေရာများရှိ ဒေသခံရွာ သား အချို့က ယင်းသို့သတ်မှတ်ထားသည့် အတွက် ကန့်သတ်ခံရမှုများရှိလာပြီး နေရထိုင်ရ မလွတ်လပ်သဖြင့်ရှေးဟောင်း အမွေအနှစ်နယ်မြေ သတ်မှတ်မှုကို ပယ်ဖျက်ပေးရန်အထိ တောင်းဆို လာမှုများ ပင်ရှိနေကြောင်း ၀န်ကြီး ဦးဟိုပင်က ပြောသည်။

၎င်းအပြင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အတွက် သုံးစွဲခွင့်ရနေသည့် ရန်ပုံငွေ မလုံလောက်သဖြင့် ထိန်းသိမ်း လိုသူများ လှူဒါန်းပေးကြရန်လည်း ၀န်ကြီးက တိုက်တွန်းသည်။

“ရန်ပုံငွေ အားနည်းတာရယ်၊ ပြည်သူ တွေက ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး နားလည်သိရှိမှု အလှမ်းဝေးတာလည်း ပါတယ်ပေါ့။ ဒီနှစ်ချက်ပေါ့”ဟု ၀န်ကြီးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း လောင်းလုံး မြို့ရှိ သာဂရမြို့ဟောင်းနှင့် တနင်္သာရီ မြို့နယ်ရှိ တနင်္သာရီမြို့တို့ကို ရှေးဟောင်း ဇုန်များအဖြစ် သတ်မှတ်ထားသည်။

Dawei Watch