လ၀က အကျင့်ပျက် ၀န်ထမ်းများကိစ္စ ဦးစားပေး ကိုင်တွယ်မည်ဟု တနင်္သာရီဝန်ကြီးသစ် ဆို

0
829

တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အစွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်းက လူဝင်မှုကြီး ကြပ်ရေးဌာနမှ အကျင့်ပျက်ဝန်ထမ်းများ ကိစ္စ ဦးစားပေးကိုင်တွယ်မည်ဟု ပြောဆို လိုက်သည်။

ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်အဝေးတွင် ၀န်ကြီးအဖြစ် ကတိ သစ္စာပြုပြီးနောက် ယင်းသို့ပြောကြား ခြင်းဖြစ်သည်။

“အကျင့်ပျက်ဝန်ထမ်းတွေဆိုပြီး တော့ တိတိကျကျ ခိုင်လုံတဲ့ သက်သေ အထောက်အထားနဲ့တကွ ရရှိမယ်ဆိုရင် တော့ ထိထိရောက်ရောက် ကိုင်တွယ် သွားမှာပါ။ ဒါ ကျွန်တော့်ရဲ့ ပထမဆုံး လုပ်မယ့်ကိစ္စပါ”ဟု ၀န်ကြီးဦးကျော်မင်း က ပြောသည်။

ပုလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကို အသစ်ဖွဲ့စည်းမည့် တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က ဇူလိုင်လ ၁ ရက်တွင် သဘောတူခဲ့သည်။

ဇူလိုင်လ ၂ ရက်တွင် နိုင်ငံတော်သမ္မတမှ ဦးကျော်မင်းကို ၀န်ကြီးအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့တွင်ပင် တိုင်းလွှတ်တော်၌ ကတိသစ္စာပြုခဲ့ခြင်း ဖြစ်သည်။    

Dawei Watch