ရွှေဈေး ၁၁ သိန်းကျော်ပြီ

0
859

ယခုအပတ်အတွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၁၁ သိန်းကျော်နေပြီဖြစ်ကြောင်း ထားဝယ်မြို့ ရွှေဈေးကွက်အတွင်းမှ သိရသည်။

မေလနောက်ဆုံးအပတ်က ဆယ်သိန်းလေးသောင်းဝန်းကျင် ဈေးပေါက်နေသည့် အခေါက်ရွှေဈေးသည် တဖြည်း ဖြည်း ဈေးမြင့်တက်လာပြီး ဇွန်လ ၁၉ ရက်တွင် ၁၁ သိန်း အထိ မြင့်တက်လာကြောင်း ထားဝယ်ရွှေဆိုင်အချို့ထံမှ သိရသည်။

ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၁၀၅၀၀၀ ကျပ်ဖြစ်နေကြောင်း ယင်းဆိုင်အချို့ထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလခန့်ကလည်း ယင်းကဲ့သို့ ရွှေဈေးမြင့်တက်ခဲ့ဖူးသော်လည်း ဆယ်သိန်းကိုးသောင်း ၀န်းကျင်သာရှိပြီး ယခုကဲ့သို့ ၁၁ သိန်း မပြည့်ခဲ့ကြောင်း ထားဝယ်မြို့ စည်ပင်သာယာ ဈေးကြီးရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ကမ္ဘာ့ရွှေဈေးလည်းတက်၊ ဒေါ်လာဈေးလည်းတက် နှစ်ခုစလုံး တစ်ပြိုင်တည်း တက်နေတော့ ရွှေဈေးတွေ မြင့်တက် လာတာပါ။ အခေါက်ရွှေဈေးတက်ရင် ကျန်ရွှေတွေလည်း ဈေးအကုန် လိုက်တက်တယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ယင်းကဲ့သို့ရွှေဈေး စံချိန်တင်မြင့် တက်နေသော် ထားဝယ်ဈေးကွက်အတွင်းမှု ရွှေအရောင်း အ၀ယ်အေးနေခြင်းမျိုး မရှိဘဲ အချို့ဆိုင်များမှာ ပုံမှန်အတိုင်းရောင်းချ နေရပြီး အချို့ဆိုင်များက ရောင်းအား ပိုများနေကြောင်း ထားဝယ်ဈေးကွက်ရှိ ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။

Dawei Watch