ထားဝယ်တွင်အဝေးပြေးခရီးသည် တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ယခုလမှစတင် အရေးယူမည်

0
1417

ထားဝယ်မြို့မှ အခြားမြို့များသို့ သွားလာနေသည့် ခရီးသည်တင်နှင့် ကုန် တင်ယာဉ်များကို ဇွန်လ ပထမပတ်မှ စတင် စစ်ဆေးနေပြီး စည်းကမ်းဖောက်ဖျက်သည့် ကားများကို အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။

ခရီးသည်တင်ကားများနှင့် ကုန်တင် ကားများတွင် လုပ်ငန်းလိုင်စင်စစ်ဆေးခြင်း၊ သတ်မှတ်ခရီးစဉ်အတိုင်းပြေးဆွဲမှု ရှိ/မရှိ၊ ၀န်ပိုတင်ဆောင်မှုရှိ/မရှိ စသည့် လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာ ခြင်းရှိ/မရှိကို စစ်ဆေးနေကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးကျော်စွာထွန်းက ပြောသည်။

ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်း ကြီးကြပ် ရေးကော်မတီ(ယကက) အဖွဲ့ဝင် ၇ ဦးပါ အဖွဲ့က ထားဝယ်မြို့အ၀င်အထွက် ၄ နေရာတွင် စစ်ဆေးနေခြင်းဖြစ်ကြောင်း ဦးကျော်စွာထွန်းက ပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များ ကို တနင်္သာရီတိုင်းဒေသကြီး ပုဂ်္ဂလိက ယာဉ်များပြေးဆွဲရေး ဥပဒေအတိုင်း အရေး ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ပတ်ကို ပုံမှန် သုံးရက်လောက် စစ်ဆေးမယ်။ စည်းကမ်းဖောက်တဲ့ယာဉ် ကိုတော့ ဥပဒေအရ အရေးယူနိုင်အောင် လုပ်ဆောင်မှာပါ”ဟု ဦးကျော်စွာထွန်းက ဆိုသည်။

တနင်္သာရီတိုင်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးဥပဒေတွင် ယကက၏ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်းလုပ်ကိုင်လျှင် ပထမအကြိမ် ဒဏ်ငွေ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအကြား ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ဒုတိယအကြိမ် ထပ်မံဖောက်ဖျက် ပါက ဒဏ်ငွေ ကျပ်နှစ်သိန်းမှ ဆယ်သိန်း အထိချမှတ်နိုင်ပြီး တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ထောင်ဒဏ် နှင့် ငွေဒဏ်နှစ်ခုစလုံးကိုလည်း ချမှတ်နိုင် ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ စစ်ဆေး၊ အရေးယူခြင်း များကို ရေရှည်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ထားဝယ်-ရန်ကုန်ပြေးဆွဲနေသည့် ခရီသည်တင်ယာဉ်လိုင်း ဂိတ်မှူးတစ်ဦးက ပြောသည်။

ဦးကျော်စွာထွန်းကမူသတ်မှတ်ထားသည့်စည်းကမ်းဖောက်ဖျက်မှုရှိ/မရှိကို ရေရှည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ထားဝယ်မြို့ အ၀င်အထွက်နေရာများအပြင် မြို့တွင်းတွင်လည်း စစ်ဆေး ခြင်းနှင့် အသိပညာပေးလုပ်ငန်းကိုလည်း လစဉ်လုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး