မွန်တွင် တင်ဒါမခေါ်ဘဲ လုပ်ငန်း လုပ်ခွင့်ပြုသည့်ကိစ္စ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းညွှန် ကြားချက်နှင့် ကိုက်သည်ဟုဆို

0
675

မွန်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ငန်းလုပ် ကိုင်ခွင့်ပြုခဲ့သည့်ကိစ္စသည် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အရ လိုက်နာရမည့်တင်ဒါလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အချိန်မီ လုပ်ငန်းပြီးစီးစေရန်ဟုဆိုကာ ကျပ်သန်း ၁၀၀၀ဖြင့် ဆောင်ရွက်စေခဲ့သည့် အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်းနှင့် ရပ်ကွက်ဈေးအသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီများကို လုပ်ငန်းလုပ်ဆောင်စေခဲ့သည်။

ယင်းအပေါ် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် လိုက်နာရမည့်တင်ဒါ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဟု ပြည်သူလူထုအကြား ဝေဖန်ပြောဆိုမှု ရှိနေသော်လည်း ပြည်နယ်အစိုးရဘက်က မူ တင်ဒါမခေါ်ဘဲ ကုမ္ပဏီအား လုပ်ငန်း လုပ်စေသည့်ကိစ္စသည် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အပိုဒ် ၅ ၊ ၆ အရ ကိုက်ညီမှုရှိသည်ဟု ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သည့် တတိယ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည်။

“သမ္မတညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းနဲ့ကိုက်သလားဆိုရင် ၁/၂၀၁၇ အပိုဒ် ၅ မှာ ဘာကိုဆိုလိုထားသလဲဆိုရင် လုပ်နေကျအဖွဲ့အစည်း ကျွမ်းကျင်ပြီးသား အဖွဲ့အစည်း အချိန်နဲ့ကန့်သတ်ချက်ရှိလာ တဲ့အခါမှာ ဒါ လိုက်နာဆောင်ရွက်ရမယ့် အချက်လိုက်နာရန် ပြဋ္ဌာန်းထားတယ်။ အဲဒါ သမ္မတညွှန်ကြားချက်နဲ့ ကိုက်/မကိုက် မီဒီယာတွေ ကိုယ့်ဟာကိုယ်သုံးသပ်ကြပေါ့နော့်။ တို့ကတော့ ကိုက်တယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက် နှင့်ဆန့်ကျင်ပြီး လုပ်ဆောင်ထားခြင်း တစ်ခုမျှမရှိဟု ဦးမင်းကျော်လွင်က ဆိုသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် ၁/၂၀၁၇ အပိုဒ် ၅ တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ ဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ၀န်ဆောင်မှုရယူခြင်း ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများအတွက် တင်ဒါခေါ် ယူရာတွင် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့်လုပ်ငန်းလမ်းညွှန်ချက်ကို လည်း လိုက်နာဆောင်ရွက်ရမည်ဟု ပါရှိသည်။

ညွှန်ကြားချက် အပိုဒ် ၆ တွင် နိုင်ငံ တော်၏စီမံကိန်းလုပ်ငန်းကြီးများအား တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာန အဖွဲ့အစည်း များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြု ချက် ရယူဆောင်ရွက်ကြရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားသည့် လိုက်နာရမည့်တင်ဒါလုပ်ထုံး လုပ်နည်းအရ ကျပ် ၁၀ သန်းနှင့်အထက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ၀န်ဆောင်မှုရယူခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ရမည်ဟု ဖော်ပြပါရှိသည်။

မွန်ပြည်နယ်အစိုးရ တင်ဒါမခေါ် သည့် လုပ်ငန်း ၂ ခုတွင် အောင်သပြေ-နှစ်ကရင်လမ်းအတွက် ကျပ်သန်း ၁၀၀၀ နှင့် ရပ်ကွက်ဈေး ၅ ခုအတွက် ဘတ်ဂျက် ကျပ်သန်း ၁၆၈၀ ထိရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် လိုက်နာရမည့်တင်ဒါလုပ်ထုံးလုပ် နည်းအရဆိုလျှင် တင်ဒါခေါ်ရမည်ဟု တင်ဒါကိစ္စနှင့် ပတ်သက်ပြီး စောင့်ကြည့် နေသူတို့က ထောက်ပြသည်။

ယဉ်စနိုင်း