ရွေးကောက်ပွဲမဲစာရင်း လေးလအတွင်း အပြီး ပြုစုမည်

0
509

တနင်္သာရီတိုင်းတွင် လူဦးရေစာရင်း ကောက်ယူခြင်းနှင့် မဲစာရင်းပြုစုခြင်းတို့ကို ဇွန်လမှ စက်တင်ဘာလအထိ လေးလအတွင်း အပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ဇွန်လမှ သြဂုတ်လအထိ သုံးလတာ ကာလအတွင်း လူဦးရေစာရင်းကောက်ယူခြင်း ကို လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းလူဦးရေ စာရင်းမှ အသက် ၁၈ နှစ်နှင့်အထက် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းကို စက်တင် ဘာလတွင် ပြုစုမည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ အတွင်းရေးမှူးက ပြောသည်။

တနင်္သာရီတိုင်း အကျယ်အ၀န်း၊ လူဦးရေ အခြေအနေအရ လေးလအတွင်း မဲဆန္ဒရှင်စာရင်းတစ်စောင် အပြီးပြုစုရန် အတွက် စိန်ခေါ်မှုများစွာရှိသော်လည်း ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

“ပြောရမယ်ဆိုရင်တော့ လေးလ အတွင်းကို အသုံးပြုလို့ရတဲ့ မဲစာရင်း တစ်စောင်ကို အပြီးလုပ်ခိုင်းထားတယ်။ ဒီလေးလက နည်းတယ်လို့တော့ ယူဆစရာ အကြောင်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

မဲဆန္ဒရှင်စာရင်းပြုစုပြီးပါက ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်အထိ လစဉ် မဲဆန္ဒရှင်စာရင်းကို အချိန်နှင့် တစ်ပြေးညီဖြစ်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူဦးရေစာရင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အိမ်တိုင်ရာ ရောက် လိုက်လံကောက်ခံမည်ဖြစ်ပြီး ယင်းကောက်ခံရရှိသည့် စာရင်းကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနရှိ လူဦးရေစာရင်း နှင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကျော်သူစိုး