ထားဝယ်မြို့သစ်စီမံကိန်းဧရိယာ အသိမ်းခံရသည့်လယ်မြေအတွက် အစားထိုးမြေရ/မရ ပြန်စိစစ်မည်

0
502
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့သစ်စီမံကိန်းဧရိယာ အတွက် သိမ်းဆည်းခံထားရသည့်  လယ်မြေများ အတွက် အစားထိုးမြေကွက်များ ရရှိခြင်း ရှိ/မရှိကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။

ပြည်သူပိုင်ပစ်္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခံထားရ သည့် လယ်သမားကိစ်္စနှင့်ပတ်သက်ပြီး ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း အချို့က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ကို တွေ့ဆုံဆွေးနွေးရန် မတ်လက တောင်းဆိုခဲ့ကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

ယင်းတောင်းဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ်ကိုယ်စား ခရိုင်အုပ်ချုပ် ရေးမှူးက ယင်းကိစ်္စကို ဖြေရှင်းပေးရန် ညွှန်ကြားခဲ့ပြီးနောက် မြို့သစ်စီမံကိန်း အတွက် သိမ်းဆည်းခံရသည့် လယ်မြေ အတွက် အစားထိုးမြေကွက်များ ရ/မရကို ပြန်လည်စိစစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“အစားထိုး မြေကွက်ပေးရာမှာ ကျန်ခဲ့တဲ့သူတွေလည်း ရှိကောင်း ရှိနိုင်တယ်လေ။ အဲဒါကို ပြ န်စိစစ်ပြီး အစားပြန်ပေးနိုင်ဖို့ ပေါ့နော်။ နစ်နာမှုတွေ မရှိရလေအောင် အကောင်းဆုံးပြန်လုပ်ပေးနိုင်အောင်ပါ”ဟု ဦးအောင်စိုးမိုးက ပြောသည်။

ယင်းကဲ့သို့စိစစ်နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးမှ ထားဝယ်ခရိုင် လယ်သမား သမဂ်္ဂကို အစားထိုးမြေကွက်မရသည့် လယ်သမားများစာရင်းကို မေလ ၂၃ ရက် က တောင်းခံခဲ့ကြောင်း ဒေါ်ရီရီထွေးက ပြောသည်။

ယင်းနောက် ထားဝယ်ခရိုင် လယ်သမား သမဂ္ဂတွင်ရှိသည့် အစားထိုးမြေကွက် မရသေးသည့် လယ်သမား ၃၁ ဦးစာရင်း ကို မေလ ၂၉ ရက်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးသို့ တင်ပြပေးထားကြောင်း ဒေါ်ရီရီထွေးက ပြောသည်။

“ဒီလို ပြန်စိစစ်တဲ့ဟာမှာ မျှော်လင့် တာကတော့ လျော်ကြေး နစ်နာကြေးမရတဲ့ သူတွေစာရင်း အတည်ဖြစ်နိုင်ဖို့နဲ့ လယ်သမား တစ်ဦးချင်းစီက တောင်းဆိုတဲ့ လျော်ကြေး ကိစ္စကို အစိုးရနဲ့ညှိပြီးပေးတာမျိုး လုပ် ဆောင်ပေးဖို့ပေါ့ အဲဒီနှစ်ချက်ပေါ့နော်”ဟု ၎င်းက ဆိုသည်။

ဦးအောင်စိုးမိုးကမူ လယ်သမားများကို စစ်ဆေးပြီး တိုင်းအစိုးရအဖွဲ့သို့တင် ပြပြီးမှသာလျှင် ယင်းပြဿနာကို မည်ကဲ့သို့ လုပ်ဆောင်မည်ကို သိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ထားဝယ်မြို့ပြ စီမံကိန်းအတွက်ဟုဆိုကာ လယ်ယာမြေကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေဖြင့်လက်ရှိ ထားဝယ်တိုးချဲ့မြို့သစ်ရှိ မြေများကို ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် သိမ်းယူခဲ့ကြောင်း သိမ်းဆည်းခံရသည့် လယ်သမားများအချို့ ထံမှ သိရသည်။

ကျော်သူစိုး