ညင်းမော်ညောင်ရေသွန်းပွဲ မြေယာပြဿနာ သရော်ပြကွက်အပါအ၀င် ပြကွက် နှစ်ဆယ်ကျော်ပါဝင်

0
445

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင်ကျင်းပသည့် ကဆုန်ညောင် ရေသွန်းပွဲတွင် ဒေသအတွင်းဖြစ်ပွား နေသည့် မြေယာပြဿနာကို သရော်သည့် ပြကွက်အပါအ၀င် ပြကွက်နှစ်ဆယ်ကျော် ထည့်သွင်းပြသခဲ့ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီထံမှ သိရသည်။

ကဆုန်လပြည့်နေ့တိုင်း ညင်းမော် ညောင်ရေသွန်းပွဲ ပွဲစံလှည့်လည်ရာတွင် ဗုဒ္ဓ၀င်ပြကွက်များ၊ ခေတ်ကို သရော်သည့် ပြကွက်များ စသည်ဖြင့် နှစ်စဉ် ထည့်သွင်း လေ့ရှိသည်။

ယခုနှစ်တွင် မြေယာပြဿနာကို သရော်သည့် ပြကွက်အပါအ၀င် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပညာရေး၊ လူမှုရေး၊ ဗုဒ္ဓ၀င်ပြကွက် စသည်ဖြင့် စုစုပေါင်း ပြကွက် ၂၄ မျိုး ပါဝင်ပြသခဲ့ သည်။

အများအားဖြင့် ဒေသအတွင်း ပြဿနာအများစုမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့်ပြဿနာများဖြစ်ပွားနေပြီး ထိုပြဿနာများကို ရပ်ကျေးအုပ်ချုပ် ရေးမှူးများက နေ့တိုင်းနီးပါးဖြေရှင်းနေရသည်ကို တင်ပြလိုသဖြင့် ပြသဖြစ် ကြောင်း မြေယာပြဿနာ သရော်ပြကွက် အဖွဲ့ခေါင်းဆောင်က ပြောသည်။

“ဒီပြကွက်ကိုပြရတာက အခုခေတ် မှာ ဖြစ်နေတဲ့(မြေယာ)ပြဿနာ ပုံစံကို တင်ပြချင်လို့ပဲ”ဟု ယင်းအဖွဲ့ခေါင်းဆောင် က ဆိုသည်။

မြေယာကိစ္စသည် မိသားစု၊ ဆွေမျိုး သားချင်းဟု မခွဲခြားဘဲ ပြဿနာကို ဖန်တီး တတ်သောအရာတစ်ခုဖြစ်ကြောင်းနှင့် အလိုရမ္မက်ဖြင့် မြေယာမတရားရယူပါက နောင်ဘ၀တွင်ခံစားရမည့် အကျိုးဆက်ကို သတိထားမိစေရန်လည်းရည်ရွယ်ကြောင်း မြေယာပြဿနာကို သရော်သည့် အခြား အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မိသားစုအချင်းချင်း၊ မောင်နှမ အချင်းချင်းတွေက ဒီမြေယာကိစ္စကြောင့်ပဲ စိတ်ဝမ်းတွေကွဲနေကြတာ” ဟု ယင်းအမျိုး သမီးက ဆိုသည်။

ယင်းအပြင် ဒေသအတွင်း လောင်းကစားဝိုင်းများပြုလုပ်နေသည့်ပြကွက်၊ ကျောင်းသားလူငယ်များ မူယစ်ဆေး သုံးစွဲ နေသည့်ပြကွက်၊ အခြေခံပညာ တတိယ တန်းနှင့် ဆဋ္ဌမတန်းသင်ရိုး သစ်သင်တန်း တက်နေသည့် ဆရာ၊ ဆရာများကို သရော်သည့်ပြကွက်များကိုလည်း တင်ဆက်ခဲ့ ကြသည်။

ယင်းအပြင် အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်မှုခံနေရသည့်ပြကွက်၊ ဗုဒ္ဓ၀င်ဇာတ်တော်ပြကွက်များကိုလည်း ပြသခဲ့ ကြသည်။

ကျော်သူစိုး