သစ်ပင်စိုက်လိုသူများ သစ်တောရုံးများတွင် ပျိုးပင် ထုတ်ယူနိုင်

0
509

မိုးရာသီတွင် သစ်ပင်စိုက်ပျိုးလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်သစ် တောဦးစီးဌာနရုံးများတွင် ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

သစ်ပင်များအား မိမိခြံအတွင်းသော်လည်းကောင်း၊ အများနှင့်သက်ဆိုင်သော နေရာများဆိုက အများလက်ခံနိုင်သည့်နေရာများတွင်လည်းကောင်း တစ်နိုင် တစ်ပိုင် စိုက်ပျိုးလိုပါက မိမိတို့နေထိုင်ရာ မြို့နယ်၏ သစ်တောဌာနနှင့် ချိတ်ဆက်ကာ ပျိုးပင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ၀န်ကြီး ဦးလှထွေးက ပြောသည်။

“စိုက်ချင်လို့ လိုလိုလားလား ရုံးမှာ လာတောင်းရင် ထုတ်ပေးတယ်။ ကိုယ့်ခြံ ဥယျာဉ်ထဲမှာ စိုက်ဖို့ပေးတယ်။ ကိုယ်ခြံ မဟုတ်ရင် အများလက်ခံနိုင်တဲ့နေရာမျိုးမှာ စိုက်လို့ ရတယ်”ဟု ဦးလှထွေးက ပြောသည်။

ယခုနှစ်တွင် တိုင်းသစ်တောဦးစီးဌာန၌ ပျဉ်းကတိုး၊ သင်္ကန်း၊ စိန်ပန်း၊ မဟော်ဂနီ၊ ခရေ စသည့် အမျိုးအစား ၂၂ မျိုးကို ပင်ရေ ၃ သိန်း ပျိုးထောင်ထားပြီး ဖြစ်ကြောင်း ဦးလှထွေးက ဆိုသည်။

ယင်းသို့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမည့်သူများအား ဌာနမှ ပျိုးပင်များ ထောက်ပံ့ ခြင်းသည့်အစီအစဉ်ကို ကြိုဆိုပြီး စီးပွား ဖြစ် စိုက်ပျိုးသူများက ထောက်ပံ့မှုကို အခွင့်ကောင်းယူကာ အမြောက်အမြား ထုတ်ယူသွားမည့်ကိစ္စကိုလည်း ဌာနမှ စိစစ်ကြပ်မတ်သင့်ကြောင်း ထားဝယ်ခရိုင်အတွင်း အများနှင့်သက်ဆိုင်သည့်နေရာများတွင် နှစ်စဉ် သစ်ပင်စိုက်ပျိုးနေသည့် ထားဝယ်လူငယ်မိတ်သဟာယအဖွဲ့    တာဝန်ခံ ကိုဘိုဘိုအောင်က ပြောသည်။

“အလကား ရတယ်ဆိုပြီး၊ သူ့မှာလည်း စိုက်ဖို့ ငွေအားနိုင်တယ်ဆိုပြီး အဆမတန် ထုတ်ယူလာမှုမျိုးကိုတော့ စိစစ်သင့်တယ်ပေါ့၊ သုံးသပ်ပြီးမှ ထုတ်ပေးသင့်တယ်”ဟု ကိုဘိုဘိုအောင်က ပြောသည်။  

Dawei Watch