လျှပ်စစ်တင်ဒါစည်းမျဉ်းဖောက်ဖျက်သည့် ကုမ္ပဏီများအား အရေးယူပေးရန် မြိတ် ၈၈ တောင်းဆို

0
528

တင်ဒါစည်းမျဉ်းဖောက်ဖျက်သည့် အတွက် မြိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးရန် တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီများအား အရေးယူပေးရန် မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်းဆိုလိုက်သည်။

မြိတ်မြို့အတွက် ဈေးနှုန်းချိုသာစွာ ဖြင့် လျှပ်စစ်ဓာတ်အားပေးရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က တိုင်းအစိုးရနှင့် စာချုပ်ချုပ်ဆိုထားကြသည့် မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်၊ ရွှေစိမ်းလန်းစွမ်းအင်ကုမ္ပဏီနှင့် KHAN ကုမ္ပဏီတို့အား အရေးယူဆောင် ရွက်ပေးရန် မေလ ၁၄ ရက် ရက်စွဲဖြင့် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ လိပ်မူပြီး ပေးပို့ခဲ့ကြောင်း မြိတ် ၈၈ ထံမှ သိရသည်။

တင်ဒါစည်းမျဉ်းစည်းကမ်းအား ချိုးဖောက်ခဲ့သည့်ကုမ်္ပဏီကို ဆက်လက်လုပ်ကိုင်ခွင့်မပြုစေလိုသည့်အတွက် တင်ပြ ခဲ့ခြင်းဖြစ်ကြောင်း မြိတ် ၈၈ (ငြိမ်း/ပွင့်) ဦးမိုးသူအောင်က ပြောသည်။

“တကယ်ဖြစ်လာရင် လူထုပဲနစ်နာ တာ”ဟု ဦးမိုးသူအောင်က ပြောသည်။

လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၂၆၀ နှုန်းမပေးနိုင်ခဲ့သဖြင့် တိုင်းအစိုးရ၏ စီမံမှုကို လိုက်နာသွားမည်ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က မေလ ၅ ရက် တွင် မီဒီယာများအား ပြောဆိုထားသည်။

ယင်းကုမ္ပဏီများကိုတင်ဒါပါ စည်းကမ်းချက်များအတိုင်း တိုင်းအစိုးရအဖွဲ့ဆုံး ဖြတ်ချက်ဖြင့် အရေး ယူဆောင်ရွက်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

အဆိုပါ အများပိုင်၏ လျှပ်စစ်တင်ဒါ ကိစ္စနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က တွေ့ဆုံပွဲတစ်ခုကို မေလ ၂၃ ရက်တွင် မြိတ်မြို့၌ ပြုလုပ်သွားရန်စီစဉ်နေကြောင်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အသိုင်းအ၀ိုင်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)