ပျဉ်းသားတောကျေးရွာတွင် ငါးငုပ်သည့် အမျိုးသား ရေနစ်သေဆုံး

0
531

မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာ အုပ်စုရှိ ပျဉ်သားတောကျေးရွာတွင် ငါးငုပ်(ချောင်း အတွင်းရေငုပ်ပြီးငါးဖမ်း)သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး ခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံမှ သိရ သည်။

မေလ ၆ ရက်ညက အသက် ၄၆ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ကထောင်းနီချောင်းအတွင်း ငါးငုပ်ရင်း ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်မဲတောင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က ပြောသည်။

အဆိုပါအမျိုးသားသည် အသက် ၁၆ နှစ်အရွယ် တူဖြစ်သူနှင့်အတူ ငါးငုပ် သွားရာ ည ၇ နာရီခန့်တွင် ကထောင်းနီ ချောင်းသို့ ရောက်ရှိခဲ့ပြီး ငါးဆင်းငုပ်ရာမှ ပြန်မပေါ်လာတော့ကြောင်း တူဖြစ်သူ၏ ပြောဆိုချက်ကို ကိုးကား၍ ဦးဇော်နိုင်က ပြောသည်။

ကမ်းပေါ်တွင်စောင့်နေသည့် တူဖြစ် သူမှာ ၎င်းပြန်တက်အလာကို မီးပုံဖိုကာ စောင့်နေရင်းဖြင့် အိပ်ပျော်သွားခဲ့ပြီး ၇ ရက် နံနက်ပိုင်းတွင် နေအိမ်သို့ပြန်ကာ အကျိုး အကြောင်းပြောပြသောကြောင့် ဆွေမျိုးများ က ကထောင်းနီချောင်းသို့ လိုက်သွားပြီး ဆင်းရှာကြရာ သေဆုံးသူရုပ်အလောင်းကို  မနက် ၈ နာရီခွဲခန့်တွင် တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“သူ့ဆွေမျိုးတွေကို မေးမြန်းကြည့် တာတော့ အဲဒီချောင်းကိုတော့ တစ်ခါမှ မသွားဖူးဘူးလို့ ပြောတယ်။ ရေကူးတတ်/ မတတ်တော့ မသိဘူး။ အရင်ကတော့ ငါးရှာရင် တစ်ခြားချောင်းတွေမှာပဲ ရှာတယ် လို့ပြောတယ်။ အလောင်းကိုတွေ့တာက တော့ သစ်ငုတ်တစ်ခုကို ကိုင်ပြီး သေဆုံး နေတယ်တဲ့” ဟု ဦးဇော်နိုင်က ဆိုသည်။

ပျဉ်းသားတာကျေးရွာနှင့် ယခု ငါးသွားငုပ်သည့် ကထောင်းနီချောင်းမှာ ၈ မိုင်ခန့် ကွာဝေးကြောင်း ၎င်းက ဆိုသည်။

မိုးမြင့်