ထားဝယ် အောင်ဆီဂျင်စက်ရုံ ပြန်လည်ပတ်

0
843
ဓာတ်ပုံ - ကိုဇော်

ထားဝယ်မြို့ရှိ အောက်ဆီဂျင် စက်ရုံကို ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အာယုဒါနပါရမီမြောက် ကုသိုလ် ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးထံမှ သိရသည်။

ယင်းစက်ရုံကို ၂၀၁၈ ခုနှစ် ဧပြီလ တွင် စက်ချို့ယွင်းမှုကြောင့် ရပ်နားထားခဲ့ရာမှ ယခုနှစ် မေလ ၆ ရက်တွင် ပြန်လည် လည်ပတ်ခြင်းဖြစ်ကြောင်း အရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ပြောသည်။

လက်ရှိတွင် တစ်နာရီလျှင်  အောက်ဆီ ဂျင်အိုးအကြီး ၁ လုံးနှုန်းထုတ်လုပ်နေပြီး တစ်ရက်လျှင် အိုးအကြီး ၈ လုံး ထွက်ရှိနေ ကြောင်း ၎င်းက ဆိုသည်။ စက်ရုံကို အချိန်ပြည့်လည်ပတ်ပါက လျှပ်စစ် မီတာခနှင့် ဗို့အားအခက်အခဲ၊ ၀န်ထမ်းအခက် အခဲတို့ရှိသည့်အတွက် တစ်နေ့လျှင် ရှစ်နာရီခန့်သာ လည်ပတ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

စက်ရပ်နားထားစဉ်က လိုအပ်သည့် အောက်ဆီဂျင်ကို ရန်ကုန်မြို့မှ မှာယူသုံးစွဲ နေခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“အောင်ဆီဂျင်အခက်အခဲဖြစ်တာမျိုး မရှိနိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါစက်ရုံကို ၂၀၁၄ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး စက်ချို့ယွင်းခြင်း၊ လျှပ်စစ်မီတာခ ဈေးကြီးခြင်း စသည့် အကြောင်းများကြောင့် အချိန်ပိုင်းသာ လည်ပတ်နိုင်ခဲ့သည်။

ထားဝယ်မြို့အခြေစိုက် အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးမှ ထားဝယ် ဆေးရုံကြီး အပါအ၀င် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ဆေးရုံများ၊ လူနာတင် ယာဉ်အသင်းများကို အောက်ဆီဂျင် လှူဒါန်းလျက်ရှိပြီး တစ်လလျှင် အိုးအကြီး ၂၅၀လုံးမှ ၃၀၀ လုံးခန့်အထိ လိုအပ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီး ကလေး ကုသဆောင်ရှိ ကလေးလူနာများကို အောက်ဆီဂျင်အခမဲ့ လှူဒါန်းနေပြီး အခြား လူနာများကိုမူ အောက်ဆီဂျင်အိုးအသေး တစ်လုံးလျှင် ငွေကျပ်တစ်ထောင်နှုန်း အလှူခံကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးကို အများလှူဒါန်းသည့် ငွေကြေးဖြင့် လုပ်ငန်းလည်ပတ်နေရသည့်အတွက် လစဉ်အလှူငွေ တစ်ထောင်ကျပ် (သို့မဟုတ်) သီးခြားအလှူငွေများလည်း လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

Dawei Watch