တစ်လအတွင်း မိုးကြိုးပစ်ခံရသူ ၄ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

0
525

တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးသူ လေးဦးနှင့် ဒဏ်ရာရရှိသူ သုံးဦးရှိ ကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

မိုးကြိုးပစ်ခြင်းကြောင့် ဧပြီလ ၃ ရက်က လောင်းလုံးမြို့နယ် ပန်းတင်အင်း ကျေးရွာတွင် တစ်ဦးသေဆုံးခဲ့ပြီး ဧပြီလ ၄ ရက်တွင် ကျွန်းစုမြို့နယ် တရင်ကန်း ကျေးရွာတွင် နောက်တစ်ဦး သေဆုံးခဲ့သည်။

ဧပြီလ ၃၀ ရက်တွင် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာတွင် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ဌာန စာရင်းအရ သိရသည်။

အပူချိန်မြင့်တက်လာမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမှုပုံစံ ပြောင်းလာပြီး မိုးကြိုးပစ်မှုများလည်း ပိုများလာကြောင်း တနင်္သာရီ တိုင်းမိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။

တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းအရလည်း မိုးကြိုးကြောင့် သေဆုံး၊ ဒဏ်ရာရသူ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပြီး ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် သေဆုံးသူ ၁၁ ဦး ဒဏ်ရာရရှိသူ ၉ ဦး အထိ ရှိလာကြောင်း ဖော်ပြထားသည်။

“အရင်တုန်းကနဲ့စာရင် မိုးကြိုးပစ်တာတွေ ပိုများလာတယ်။ အဲဒါကြောင့် ဌာနအနေနဲ့ မိုးကြိုးနဲ့ပတ်သက်ပြီး အသိ ပညာပေးတာတွေ အရင်ကထက် ပိုလုပ် လာနေရတယ်”ဟု တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ဆိုသည်။

စက်ရုံအလုပ်ရုံမှ ကာဗွန် ထုတ်လုပ် မှု ပိုများလာခြင်း သစ်တောများ ပြုန်းတီး ခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ် လာသည်။ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၁ခုနှစ် မှ ၂၀၄၀ ခုနှစ် အထိ နွေရာသီတွင် အနိမ့်ဆုံးအပူချိန်   ၀ ဒဿမ ၈နှင့် အမြင့်ဆုံးအပူချိန် ၁ ဒဿမ ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင် ဖွယ်ရှိကြောင်း မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(MCCA) တွက်ချက် ထားသည်။

အပူချိန်ပိုမြင့်တက်လာပါက မိုးကြိုး ပစ်သည့်အကြိမ် အရေအတွက်လည်း ပိုများလာမည်ဖြစ်ကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။

မိုးဦးကာလနှင့် မိုးနှောင်းကာလများတွင် မိုးကြိုးပစ်မှု အများဆုံးဖြစ်ပွား လေ့ရှိကြောင်း တနင်္သာရီတိုင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး