ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက်

0
492

ထားဝယ်တွင် စက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက်ထားဝယ်စည်ပင် နယ်နိမိတ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများကို ကနဦးစစ်တမ်းကောက်ယူနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ကနဦးစစ်တမ်းကို တိုင်းဒေသကြီး ကုန်သည်/ စက်မှုအသင်းက ဦးဆောင်ကာ ယခုနှစ်မတ်လကုန်ပိုင်းမှ စတင်ကောက်ယူနေကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ထားဝယ်တွင် စက်မှုဇုန်လိုအပ်ကြောင်း တိုင်းအစိုးရကို သွားရောက်တိုက်တွန်း မည့်အချိန်တွင် လက်ရှိ ရှိနေသည့် လုပ်ငန်းအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို ခိုင်မာသည့်အချက်အလက်များဖြင့် တင်ပြနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိကောက်ယူနေသည့် ကနဦး စစ်တမ်းတွင် ထားဝယ်စည်ပင်ဧရိယာ အတွင်းရှိ စက်မှုလက်မှုနှင့် စားသောက်ကုန် လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်းကောက် ယူနေခြင်းဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

အနာဂတ်တွင် အဆိုပါလုပ်ငန်းများမှာ မြို့အတွင်းထားရှိရန်မသင့်တော်ခြင်း၊ မြို့နေလူထုက ကန့်ကွက်လာနိုင်ခြင်းတို့ကြောင့် စက်မှုဇုန်တစ်ခု လိုအပ်နေသည့်အတွက် ယင်းကဲ့သို့ စစ်တမ်းကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 စစ်တမ်းရလဒ်ကို ယခုနှစ်ဇွန်လတွင် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းလွှတ်တော်ထံ တင်ပြမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

စစ်တမ်းတွင် ဖြည့်သွင်းရမည့် ဖောင်အတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း ၎င်းက ပြော သည်။

အလုပ်အတွက် မြေနေရာတစ်ခု ရရှိမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆသည့်အတွက် လျှောက်လွှာတွင် အချက်အလက်ဖြည့်သွင်းကာ လက်မှတ်ထိုးခဲ့ကြောင်း ထားဝယ်မြို့အတွင်း ဆိုင်ခန်း ငှားရမ်းပြီး အလူမီနီယံလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ကိုယ့်ကို အသုံးချပြီး လုပ်သွားလေ မလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုက စက်မှုဇုန်အတွက် ကနဦးစစ်တမ်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ဒေသခံများအကြား ပြောဆိုဝေဖန်မှုများလည်း ရှိသည်။       

Dawei Watch