ညွန်ကြားချက်အတိုင်း မလိုက်နာသည့် ကြက်မွေးမြူရေးခြံများအား အရေးယူမည်ဟုဆို

0
550
ဓာတ်ပုံ - ကိုဆန်း

ညွှန်ကြားထားသည့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် ကြက်မွေးမြူရေးခြံများကို အရေးယူသွားမည် ဖြစ်ကြောင်း မြိတ်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ၀င်းဇော်ဦးက ပြောသည်။

ကြက်မွေးမြူရေးခြံများတွင် တစ်ပတ်လျှင် နှစ်ကြိမ် အညစ်အကြေးများအား သန့်ရှင်းရေးလုပ်ခြင်း၊ အစာမှုန့်များပတ်ဝန်းကျင်သို့ ပျံ့လွင့်ခြင်းမရှိစေရန် အစိမ်းပိုင်း ကာရံခြင်း၊ ယင်ဥပေါက်ဖွားမှုမရှိစေရန် ဆေးဖြန်းခြင်း စသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိသည့် ကြက်မွေးမြူရေးခြံများကို အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာဝင်းဇော်ဦးက ဆိုသည်။

မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ရေမြစ်ကြီးကျေးရွာတွင် မွေးမြူထားသည့် ကြက်မွေးမြူရေးခြံများကြောင့် ရွာတွင် ယင်ကောင်များပေါများလာသည်ဟု ဒေသခံများ၏ပြောဆိုမှုအပေါ် ဒေါက်တာဝင်းဇော်ဦးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“လောလောဆယ်တော့ အနံ့အသက် တွေလျော့ကျလာအောင်နဲ့ ယင်ကောင်တွေလည်း လျော့နည်းသွားအောင် လုပ်ဆောင်သွားမယ်”ဟု ၎င်းက ပြောသည်။

ညွှန်ကြားချက်များကို မလိုက်နာပါက မည်သို့ အရေးယူမည်ဆိုသည်ကိုမူ တိတိကျကျပြောဆိုခြင်းမရှိပေ။

ရေမြစ်ကြီးကျေးရွာတွင် လွန်ခဲ့သည့် ငါးနှစ်က ကြက်မွေးမြူရေးခြံ ၅ ခြံသာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ခြံပေါင်း ၂၀ ကျော်အထိ ရှိလာပြီး ယင်ကောင်များ လွန်စွာပေါများလာသည့်အတွက် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု ၎င်းတို့က ဆိုသည်။

ကိုဆန်း