အမျိုးသမီးပေါင်ကြား၌ ၀ှက်ထားသည့် ICE မူးယစ်ဆေး အပါအ၀င် စိတ်ကြွဆေးများ ဖမ်းမိ

0
1097

ကော့သောင်းမြို့တွင် အမျိုးသမီးတစ်ဦး၏ ပေါင်ကြား၌ ၀ှက်ထားသည့် ICE မူးယစ်ဆေး အပါအ၀င် WY စိတ်ကြွဆေးပြား အပြားနှစ်ထောင်နီးပါးနှင့် ဘိန်းစာမှုန့်များကို မတ်လ ၂၄ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အေးရိပ်ငြိမ်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အိမ်ရှင်လင်မယား နှင့်အတူ အခြားဧည့်သည် လင်မယားနှစ် ဦးကို တွေ့ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ယင်းနောက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက အသက် ၂၄ နှစ်အရွယ်ရှိ အိမ်ရှင် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ရှာဖွေရာ ပေါင်ကြားအတွင်း ၀ှက်ထားသည့် ICE မူးယစ်ဆေး ၁၂ ဂရမ်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့အပြင် အိမ်ရှင် အမျိုးသား၏ လက်အတွင်းမှ ICE စိတ်ကြွဆေးပြား ၃၈၀ ပြားကို ဖမ်းမိခဲ့ပြီး အိပ်ခန်းအတွင်း မှ ဘိန်းစာမှုန့် ၂၈၅ ဂရမ်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် ဧည့်သည်လင်မယား စုံတွဲကို စစ်ဆေးရာ ICE စိတ်ကြွ ဆေးပြား အပြား ၂၀၀ ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆက်လက်စစ်ဆေးရာ ဧည်သည် အမျိုးသားဖြစ်သူက အေးရိပ်ငြိမ်ရပ် ကွက်ရှိ ၎င်းင်း၏ နေအိမ်တွင် စိတ်ကြွဆေးများ ကျန်သေးကြောင်း ထွက်ဆိုသဖြင့် သွားရောက်ရှာဖွေရာ ICE စိတ်ကြွဆေး ပြား ၉၈၀ ပြားကို ထပ်မံ တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ မူးယစ်ဆေးများကို ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးထံမှ ၀ယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ သည့်အတွက် အဆိုပါ အမျိုးသမီးကို သွားရောက်ရှာဖွေရာ နေအိမ်တွင်မရှိ တော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိသည့် လင်မယား စုံတွဲနှစ်တွဲနှင့် ထွက်ပြေးနေဆဲ အမျိုး သမီးတို့ကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch