ကော့သောင်းပင်လယ်ပြင်တွင် ကျပ် ၃၄ ဘီလီယံ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ ၊ ပိုင်ရှင် မမိသေး

0
675

ကော့သောင်းခရိုင် မြန်မာ့ပင်လယ် မြောက်တော်ဝင်ကျွန်း အနောက်ဘက် တွင် မတ်လ ၂၄ရက်က စက်လှေတစ်စီး ၌ ဖမ်းမိခဲ့သည့် ကျပ် ၃၄ ဘီလီယံ ကျော် တန်ဖိုးရှိသည့် ICE မူးယစ်ဆေး ၀ါးများ၏ ပိုင်ရှင်ကို မဖမ်းမိသေးကြောင်း ကော့သောင်းမြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုထံမှ သိရသည်။

အထက်ပါ စက်လှေတွင် တစ်ထုပ် လျှင် ၁ ကီလိုဂရမ်ပါ အစိမ်းနုရောင်အိတ် ဖြင့်ထုပ်ထားသည့် ICE  မူးယစ်ဆေး အမျိုးအစားဟု ယူဆရသည့် အထုပ် ၁၇၃၇ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ် သည်။

ဖြစ်စဉ်မှာ အဆိုပါ ကျွန်းအနောက် ဘက်တွင် အမည်မပါ စက်လှေတစ်စီး မောင်းနှင်နေသည်ကို တွေ့ရသည့် အတွက် ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်နေသည့် ရေတပ်သင်္ဘောမှခေါ်ယူ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ တပ်ဖွဲ့စုထံမှ သိရသည်။

ယင်းမူးယစ်ဆေးဝါများနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးကိုပါ ဖမ်းဆီးခဲ့ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါး များကို ရခိုင်ပြည်နယ်မှ အင်ဒိုနီးရှား နိုင်ငံနှင့် မလေးရှားနိုင်ငံကြား ရေပိုင်နက်သို့ ပို့ပေးရန် တစ်ဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပါလာခဲ့ကြောင်း ကနဦး ထွက်ဆိုခဲ့သည်ဟု အထက်ပါ တပ်ဖွဲ့စုထံမှ သိရသည်။

ယင်းမူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကွင်းဆက်တရားခံများကို စုံစမ်း ဖော်ထုတ်ခဲ့ရာ ကွင်းဆက်တရားခံ တစ်ဦးဖြစ်သည့် မူးယစ်ဆေးသယ်ဆောင် လာသည့်  စက်လှေပိုင်ရှင် အသက် ၄၂နှစ် အရွယ် အမျိုးသမီးတစ်ဦးကို မတ်လ ၂၆ ရက်က ရခိုင်ပြည်နယ် ဆတ်သွားကျေးရွာတွင် ပုသိမ်မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့စုက ဖမ်းမိခဲ့သည်ဟု အထက်ပါ တပ်ဖွဲ့ထံမှ သိရသည်။

သို့သော် မူးယစ်ဆေးပိုင်ရှင် အမျိုးသားမှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။ 

                   မိုးအိ