အခြေခံကျောင်းများ အတန်းပြီးဆုံးကြောင်း လက်မှတ် မထုတ်ပေးရ

0
572

အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအထိ မည်သည့် အတန်းမဆို အတန်းပြီးဆုံးကြောင်း လက်မှတ်များထုတ်ပေးခြင်း မပြုလုပ်ရန် အခြေခံပညာဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁ ရက်က ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက ကျင်းပသည့် ကျောင်းစုံညီပွဲတော်များတွင် တိုင်းနှင့်ပြည်နယ်အချို့ရှိ အခြေခံကျောင်းများတွင် မူလတန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ ထုတ်ပေးနေသဖြင့် ယင်းကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း အထက်ပါရုံး ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးဝင်းနောင်က ပြောသည်။
အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်း သင်ယူပြီး မြောက်ကြောင်းလက်မှတ်များ ထုတ်ပေးနိုင်ရန် ခိုင်မာသော စံသတ်မှတ်ချက်များ သတ်မှတ်ရန် စီစဉ်ဆဲအဆင့်တွင်သာ ရှိသေးကြောင်း ယင်းညွှန်ကြားစာတွင် ဖော်ပြထားသည်။
“ဒီမှာ(တနင်္သာရီတိုင်း)တော့ လက်မှတ်တွေပေးတာ မကြားရဘူး။ မူကြိုတွေတော့ပေးတယ် ကြားရတယ်။ ဒီစာ(အခြေ ခံပညာဦးစီးဌာန ညွှန်ကြားစာ) အရဆိုရင်တော့ မူကြိုတွေ အကျုံးမ၀င်ဘူး”ဟု ဦးဝင်းနောင်က ဆိုသည်။

တိုင်းအတွင်းရှိ ကျောင်းများကိုလည်း ထပ်ဆင့်ညွှန်ကြားရန် ဖေဖော်ဝါရီ လ ၅ ရက်က ခရိုင်၊ မြို့နယ်ပညာရေးမှူး ရုံးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးဝင်းနောင်က ပြောသည်။
ထားဝယ်ခရိုင်ရှိ ကျောင်းအုပ်ဆရာမ အချို့ကမူ ယင်းညွှန်ကြားချက်နှင့်ပတ်သက်ပြီး မသိရသေးကြောင်း ပြောသည်။
“ကျောင်းကိုပဲမရောက်သေးတာလား။ မဖတ်ဖြစ်သေးတာလား ဒီစာနဲ့ပတ်သက်ပြီး မသိရသေးဘူး။ ဒီဘက်မှာ ပေးနေတယ်လို့လည်း မကြားမိတော့ ဘာမှမ ဖြစ်ပါဘူး”ဟု လောင်းလုံးမြို့နယ် အလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမ တစ်ဦးက ဆိုသည်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း အဆင့် ပြီးမြောက်ကြောင်းလက်မှတ်များ ကို လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် ၀န်းကျင်က ပေးအပ်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ဆက်မပေးတော့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

 

ကျော်သူစိုး