လင်မယားကွာရှင်းမည့် ကိစ္စကို မကျေနပ်၍ ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုး၊ ဇနီးသည်သေဆုံး

0
593

ပုလောမြို့နယ်တွင် လင်မယားကွာ ရှင်းမည့်ကိစ္စကို မကျေနပ်သည့်အတွက် လင်ယောက်ျားဖြစ်သူက ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ပုလောမြို့နယ်၊ တိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသည့်ဒဏ်ရာကြောင့် ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ပြီးခဲ့သည့် နှစ်လခန့်က လင်မယား အဆင်မပြေ၍ ကွဲကွာနေပြီး ကွာရှင်းမည့် ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးထံတိုင်ကြားထားသည်ကို မကျေနပ်သဖြင့် အသက် ၅၁ နှစ်အရွယ်ရှိ လင်ယောက်ျားဖြစ်သူက အသင့်ပါလာသော ဓားမြှောင်ဖြင့်ထိုးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ဇနီးဖြစ်သူနှင့် သမီးဖြစ်သူက အဆိုပါ ကျေးရွာရှိ အခြားအိမ်၌ ရှိနေစဉ် ယင်းကဲ့သို့ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ် ဇနီးဖြစ်သူမှာ ဓားဒဏ်ရာ ၃ ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူမှာ ဗိုက်တွင်ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ဇနီးဖြစ်သူနှင့် သမီးကို ဓားဖြင့်ထိုးခဲ့သည့် ဖခင်ဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂၆ တို့ဖြင့် ပုလောမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

 

Dawei Watch